
ဧပြီလ ၁ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဆီချွေတာသတ်မှတ်ချက်အရ စုံ / မ သတ်မှတ်နေ့ရက်အတိုင်း ယာဉ်မောင်းနှင်မှု ကန့်သတ်ချက်ကို ဒီကနေ့ ဧပြီလ ၁ ရက်နေ့တွင် စတင်ပြီး ယာဥ်များကို စစ်ဆေး ဖမ်းဆီးတာတွေကြောင့် မြို့နေလူထု အများစု အပြင်ထွက်သွားလာသူ မရှိသလောက် ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကလေးမြို့ပေါ်နေ ဒေသခံတစ်ဦးက “ဒီနေ့ ခါတိုင်းထက် အသွားအလာရှင်းတယ် မနက်က စည်ပင်ရုံးရှေ့မှာဆို အင်အားအများကြီးနဲ့ အဖွဲ့စုံ စစ်တယ်၊ ဖမ်းတယ် ရဲ ၊ ယာဉ်ထိန်း၊ ထွေအုပ် ၊ အပြာဝတ်တွေကောပါတယ် လမ်းပေါ်မှာ လူရှင်းနေတာဘဲ မဖြစ်မနေမှ သွားလာကြတယ် ဈေးရောင်း ဈေးဝယ်လည်း မဖြစ်ကြဘူး ဆီဈေးတွေကလည်း ဓာတ်ဆီ တဂါလံကို ၅ သောင်းနီးပါးရှိတယ်” လို့ပြောပါတယ်။
ဧပြီလ ၁ ရက်နေ့ကစလို့ ဘက်ထရီ ဆိုင်ကယ်တွေကလွဲရင် လောင်စာဆီ အသုံးပြုရတဲ့ မော်တော်ဆိုင်ကယ်တွေရဲ့ ယာဉ်နံပါတ်ပြားရဲ့ နောက်ဆုံး ဂဏန်း ရဲ့ စုံ / မ ( ဥပမာ – ၆၅ ယ ဆိုပါက ) မဂဏန်း၊ ၁၊ ၃ ၊ ၅ ၊ ၇ ၊၉ ထဲက ၅ ဖြစ်တဲ့တွက် ရက်သတ္တပါတ်ရဲ့ ၁၊ ၃၊ ၅ ၊ ၇ ၊ ၉ ရက်တွေမှာသာ သွားလာလို့ ရမှာဖြစ်ပြီး စုံဂဏန်း ( ၂ ၊ ၄ ၊ ၆ ၊ ၈) ဆိုရင် ရက်သတ္တပါတ် ရဲ့ ၂ ၊ ၄ ၊ ၆ ၊ ၈ ရက်နေ့တွေမှာသာ သွားလာရမှာဖြစ်တဲ့ပြင် ဆိုင်ကယ်လိုင်စင်တွေကိုလည်း တင်းကျပ်စွာ ဖမ်းဆီး စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိကလေးမြို့ပေါ်မှာ လောင်စာဆီ ဓာတ်ဆီဈေးနှုန်းဟာ တဂါလံ ၂ သောင်းကျော်ကနေ ၅ သောင်းကျော် နီးပါးအထိ ဈေးတက်လာပြီး လိုသလောက် ဝယ်ယူလို့လည်း မရကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ ဆီက လိုသလောက် ဝယ်ယူလို့မရဘူး အကန့်အသတ်နဲ့ဘဲ ရောင်းပေးတာ ဆိုင်ကယ်တစ်စီးကို ၅ ထောင်ဖိုးဆို ၅ ထောင်ဖိုး အဲလိုဘဲရောင်းပေးတာ အရင်က BOC ဆိုရင် ပိတ်ထားတာ ကြာလှပြီ ဆီပြတ်သွားပြီ ဆိုပြီးမှ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နေ့စဉ် အကြောင်း အမျိုးမျိုးပြပြီး ဖမ်းဆီးတာတွေရှိနေတဲ့ ကလေးမြို့ပေါ်မှာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို စုံ / မ ကန့်သတ်ချက်အကြောင်းပြပြီး စစ်မှုထမ်းအတွက် အတင်းအဓမ္မလူသစ်စုဆောင်း ( ပေါ်တာဆွဲ) တာတွေ လုပ်ဆောင်လာနိုင်တာကြောင့် မြို့ပေါ်နေ ဒေသခံတွေအနေဖြင့် သတိပြု ရှောင်ရှားနိုင်ဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။

