Headlines

တီးတိန်မြို့နယ် ဘွင်ကျေးရွာမှ အသက်မပြည်သေးသူ ကလေးများ အပါအဝင် လူငယ် ၂၉ ဦးကို စစ်မှုထမ်းရန် PDF-Zoland အဖွဲ့မှ ခေါ်ဆောင်

မတ်လ ၃၀ ရက်။

မတ်လ ၂၉ ရက်နေ့ ညဘက်ပိုင်းမှာ တီးတိန်မြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ တခု ဖြစ်တဲ့ PDF-Zoland က တီးတိန်မြို့နယ် ဘွင် (Buan) ကျေးရွာထားသို့ ဝင်ရောက်ခဲ့ပြီး အသက်မပြည့်သေးသူ ကလေး သူငယ် တချို့ အပါအဝင် ရွာလူငယ် ၂၉ ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီး ခေါ်ဆောင်သွားတယ် လို့ ဒေသခံ ရွာသား များထံမှ သိရှိရ ပါတယ်။

“PDF-Zoland တွေ ဝင်လာတာက တနင်္ဂနွေနေ့ ည မှာ ပါ။ ဆရာ ရှင်းပေါင် တို့အိမ်မှာ Wifi နဲ့ အင်တာနက် သုံးနေတဲ့ ဆယ်ကျော်သက် အရွယ် ကလေး တချို့ရယ်၊ လူငယ် တချို့ရယ် ဝင်ဖမ်းသွားတယ်။ ပြီးတော့ ကျွန်တော့်တို့ ဘွင်ရွာမှာ ဒီ ရက်ပိုင်း အတွင်း အသုဘ နှစ်ခု ဆက်တိုက် ဖြစ်နေ ခဲ့တယ်။ ရွာက နာရေး ကြုံတဲ့ ကာလ ပေါ့။ Pa Langh Cin ရဲ့ အသုဘ အိမ်ကို လည်း ဝင်လာပြီးတော့ ထပ် ဖမ်းခဲ့တယ်” လို့ ဘွင်ရွာသား တဦးမှ ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ကလေးသူငယ်တွေ နှင့် လူငယ်တွေကို မွာလ်ဘင်းရွာဘက်သို့ ကားနှင့် ခေါ်ဆောင်သွားကြောင်း၊ ကလေးမိဘတွေက ညတွင်းချင်းမှာပင် မွာလ်ဘင်းရွာသို့ လိုက်သွားပြီး PDF-Zoland တပ်ဖွဲ့ဝင် တွေကို အသက်မပြည့်သေးတဲ့ကလေးတွေ ပြန်လွှတ်ပေးဖို့ တောင်းပန် ပေမယ့် နောက်နေ့ မနက် ၁၀ နာရီကျမှ လာဖို့ ပြောလွတ်လိုက်ကြောင်း၊ စစ်မှုထမ်းဖို့ ဖမ်းဆီး ခံရတဲ့ လူငယ်ထဲမှာ JCB မြေထိုးစက် နဲ့ မတော်တဆ ဖြစ်တာကြောင့် နာမကျန်း ဖြစ်နေသူ တဦးလည်း ပါဝင်ကြောင်း ရွာသားများထံမှ သိရှိရ ပါတယ်။

“မတ်လ ၃၀ ရက်နေ့ ဖြစ်တဲ့ တနင်္လာနေ့မှာ ကလေး သူငယ်တွေရဲ့ မိဘတွေ မွာလ်ဘင်းရွာကို ပြန်သွား ကြတယ်။ ဒါပေမယ့် ကလေးတွေကို (အမည်ပြောရန် မသင့်တော်သော) ရွာကို ပို့လိုက် ပြီ လို့ ပြောလိုက် ပါတယ်။ တချို့ကလေးတွေက ၁၃၊ ၁၄ နှစ် လောက်ပဲ ရှိသေးတယ်။ ရွာမှာတော့ ကလေးမိဘတွေ ငိုကြွေး ကြတယ်” လို့ ဒေသခံ တဦးထံ မှ သိရှိရ ပါတယ်။

Zomi Federal Union (ZFU)/ PDF-Zoland က ဇိုဂမ် (Zogam) နယ်မြေအတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး (၃) နှစ် မဖြစ်မနေ စစ်မှုထမ်းရန်လိုအပ်သည်ဟု မတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းနေ့မှာပင် လိုင်တွီး (Laaitui) ရွာသား လူငယ် ၁၂ ဦး နှင့် မွီးဇောလ် ရွာသား ၃ ဦးကို လည်းကောင်း၊ မတ်လ ၂၆ ရက်နေ့မှာ ဒိမ်ပီး ရွာသား လူငယ် ၆ ဦး နှင့် အရင် ဖမ်းဆီး ပြီး ဖြစ်တဲ့ ကျောင်းသား ၃ ဦး ပေါင်း ၉ ဦးကို လည်းကောင်း စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *