မတ်လ ၁၈ ရက်။
တတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကို အာဏာသိမ်း စစ်ကော်မရှင်က ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်မှာ စကျင်းပပြီး အမျိုးသားလွှတ်တော် ဥက္ကဌ နေရာအတွက် ဗိုလ်ချုပ်ကြီးဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP) အမတ် ဦးအောင်လင်းဒွေးကို ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော် ဥက္ကဌနေရာအတွက် လက်ရှိ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးရဲ့ အမှုဆောင်ချုပ်လည်းဖြစ်တဲ့ ဦးအောင်လင်းဒွေးကို ခန့်အပ်ခဲ့ပြီး ဒုဥက္ကဌ အဖြစ် ကချင်ပြည်နယ်အမတ် ဦးဂျာဖမ်းနော်တောင်ကို ခန့်အပ်ခဲ့ပါတယ်။
လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌ နေရာတွေမှာ တာဝန်ထမ်းဆောင်တော့မယ့် သူတွေဟာ အာဏာသိမ်းစစ်ကော်မရှင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူတွေလည်းဖြစ်တယ်လို့ သိရပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်တာကို ပြုလုပ်ပြီး အဲဒီလုပ်ငန်းစဉ်ကို အမျိုးသားလွှတ်တော်ဥက္ကဌက ပြည်ထောင်စုလွှတ်တော် နာယက အဖြစ်ဦးဆောင်ရမှာဖြစ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌ ရာထူးဟာ သမ္မတရွေးချယ်ရာမှာ အခရာကျတယ်လို့လည်း သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ၂၀၂၁ ခုနှစ်မှာ ဖေဖော်ဝါရီလ ဒုတိယအကြိမ် လွှတ်တော်အသစ် စတင်ဖို့ ပြင်နေချိန် အာဏာသိမ်းခဲ့ပြီး အဲဒီနောက် ၅ နှစ်အကြာ ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလ နဲ့ အခုနှစ် ဇန်နဝါရီလ တို့မှာ ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးကောက်ပွဲမှာ လွှတ်တော်နေရာအများစုကိုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP)က အနိုင်ရခဲ့ကာအခုလို တတိယအကြိမ် လွှတ်တော် အစည်းအဝေးခေါ်ယူကာအစိုးရသစ်ဖွဲ့ဖို့လုပ်ဆောင်လာတာဖြစ်ပါတယ်။


