Headlines

နယူးဒေလီ ချင်းအမျိုးသားနေ့ အခမ်းအနား နေရာအခက်အခဲကြောင့် ဖေဖော်ဝါရီ ၂၃ ရက်သို့ ရက်ရွှေ့ကျင်းပမည်

ဖေဖော်၀ါရီလ ၁၈ ရက်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို မူလသတ်မှတ်ထားတဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့အစား ဖေဖော်ဝါရီ ၂၃ ရက်နေ့ကို ရက်ရွှေ့ပြီး ကျင်းပသွားမယ်လို့ ချင်းဒုက္ခသည်ကော်မတီ – CRC (New Delhi) ကထုတ်ပြန်ထားပါတယ်။

ချင်းဒုက္ခသည်ကော်မတီအနေနဲ့ အခမ်းအနားကျင်းပနိုင်ဖို့အတွက် Hastal Ground ကို အစောပိုင်းက ကြိုတင်ပြင်ဆင်ခဲ့ပေမဲ့ စာမေးပွဲအခြေအနေတွေကြောင့် ကွင်းပိုင်ရှင်ဘက်က ပြန်လည်ပယ်ဖျက်ခဲ့တာကြောင့် နေရာအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ထပ်မံဘွတ်ကင်လုပ်ထားတဲ့ “Khatu Shyam Stadium” ကွင်းမှာလည်း ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ အိန္ဒိယအစိုးရရဲ့ အရေးပေါ်အစီအစဉ် (Government Program) တစ်ခုနဲ့ ရက်တိုက်ဆိုင်နေတာကြောင့် အခမ်းအနားကို ရက်ရွှေ့ကျင်းပဖို့ ဖြစ်လာရတာလို့ ဆိုပါတယ်။

ကော်မတီအနေနဲ့ အခမ်းအနားကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ဖို့အတွက် အခြားခန်းမဆောင်တွေနဲ့ ကွင်းတွေကိုပါ လိုက်လံရှာဖွေခဲ့ပေမဲ့ အိမ်သာ၊ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှု အခြေအနေတွေမှာ လုံးဝအဆင်မပြေတာကြောင့် မူလနေရာဖြစ်တဲ့ “Khatu Shyam Stadium” Stadium မှာပဲ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကျမှ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မဖြစ်မနေ ရက်ရွှေ့လိုက်ရတဲ့အပေါ် မိဘပြည်သူတွေအနေနဲ့ နားလည်ပေးကြဖို့နဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကျင်းပမယ့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို အားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ CRC (New Delhi) ကမေတ္တာရပ်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *