Headlines

မဏိပူရ်ပြည်နယ်မှာ ပဋိပက္ခတွေ ရှိနေဆဲကာလအတွင်း နာဂ မျိုးနွယ်အချင်းချင်းပဋိပက္ခဖြစ်ပွားမှု ပိုမိုစိုးရိမ်လာရတဲ့အတွက် အင်တာနက်လိုင်းများ ကိုပိတ်ထား

ဖေဖော်ဝါရီလ ၁၃ ရက်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ Kuki နဲ့ Meitei မျိုးနွယ်စုများအကြား ပဋိပက္ခတွေ ရှိနေဆဲကာလအတွင်း နာဂမျိုးနွယ်စုဝင် ကျေးရွာနှစ်ရွာကြား နယ်မြေအငြင်းပွားမှုကနေ လူသေဆုံးမှုရှိကာ သာမန်ရွာချင်းဖြစ်တဲ့ ပြဿနာထက် ကျော်လွန်ပြီး မျိုးနွယ်စုတစ်ခုလုံးရဲ့ တင်းမာမှုအသွင် ပြောင်းလဲသွားမှာကို စိုးရိမ်တဲ့အတွက် ပြည်နယ်အစိုးရက Ukhrul ခရိုင်အတွင်း အင်တာနက်လိုင်းတွေကို ပိတ်ထားတာ ၃ ရက်မြောက် ရှိပြီဖြစ်ပါတယ်။

ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ကစပြီး Ukhrul ခရိုင်တစ်ခုလုံးမှာ အင်တာနက်နဲ့ ဒေတာဝန်ဆောင်မှုအားလုံးကို ယာယီရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မဏိပူရ်ပြည်နယ်၊ Ukhrul ခရိုင်အတွင်းမှာရှိတဲ့ Hunphun ကျေးရွာနဲ့ Ningchou ကျေးရွာဆိုတဲ့ နာဂမျိုးနွယ်စုဝင် ရွာနှစ်ရွာကြားမှာ ရှေးယခင်ကတည်းက ရှိခဲ့တဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုကနေ အခုပြဿနာက အစပြုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ နယ်မြေအငြင်းပွားတဲ့နေရာမှာ အောက်တိုဘာလအစောပိုင်းက သန့်ရှင်းရေးလုပ်အားပေးပွဲ (Social Work) လုပ်ဆောင်ရာကနေ တစ်ဖက်နဲ့တစ်ဖက် စကားများကြပြီး ရန်ပွဲအသွင် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

ရွာသားအချင်းချင်း ရန်ဖြစ်ရုံတင်မကဘဲ အခြေအနေဟာ လက်နက်ကိုင် ပဋိပက္ခအသွင်အထိ ကူးစက်သွားခဲ့ပါတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ (၃) ဦး သေဆုံးခဲ့ရပြီး (၂၀) ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒေသတွင်းမှာ အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတဲ့ကြားက ရာနဲ့ချီတဲ့ လူအုပ်စုတွေဟာ လက်နက်ကိုယ်စီနဲ့ လမ်းပေါ်ထွက်လာပြီး အစိုးရအဆောက်အအုံတွေကိုပါ တိုက်ခိုက်တာ၊ ရဲစခန်းက လက်နက်တွေကို လုယူတာမျိုးတွေအထိ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဆိုးရွားသွားခဲ့တာ ဖြစ်ပါတယ်။
အစိုးရအနေနဲ့ မျိုးနွယ်စုတူချင်းဖြစ်ပေမဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်လာတဲ့အခါမှာ အခြားသော နာဂကျေးရွာတွေကပါ မိမိတို့နီးစပ်ရာ ကျေးရွာဘက်ကနေ ပါဝင်လာပြီး “မျိုးနွယ်စုတွင်း အုပ်စုလိုက်ပဋိပက္ခ” ကြီးအဖြစ် ကူးစက်ပြန့်နှံ့သွားမှာကို အဓိက စိုးရိမ်နေတာ ဖြစ်ပါတယ်။
မဏိပူရ်ပြည်နယ်အတွင်း Kuki နဲ့ Meitei ဆိုတဲ့ မျိုးနွယ်စုမတူသူချင်းကြား စစ်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့အချိန်မှာ အခုလို တည်ငြိမ်နေသေးတဲ့ မျိုးနွယ်စုနယ်မြေမှာပါ မျိုးနွယ်စုတူချင်းကြား သွေးထွက်သံယိုမှုတွေ ထပ်မံဖြစ်ပွားလာမယ်ဆိုရင် ပြည်နယ်တစ်ခုလုံးရဲ့ လုံခြုံရေးဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမှာကို အာဏာပိုင်တွေက အထူးစိုးရိမ်မကင်း ဖြစ်နေပါတယ်။

အခြေအနေဟာ အင်မတန် ထိရှလွယ်နေပြီး လူမှုမလိုလားအပ်သူတွေက လူမှုကွန်ယက် စာမျက်နှာတွေကတစ်ဆင့် အမုန်းပွားစေမယ့် ပုံရိပ်တွေ၊ သတင်းမှားတွေနဲ့ ဗီဒီယိုတွေကို ဖြန့်ဝေပြီး လူမျိုးစုအချင်းချင်း သဟဇာတဖြစ်မှုကို ပျက်ပြားစေမယ့်အပြင်၊ အသက်အိုးအိမ်စည်းစိမ်တွေကိုပါ ထိခိုက်စေနိုင်တဲ့ ဆူပူလှုံ့ဆော်မှုတွေ လုပ်ဆောင်လာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ ပြည်နယ်အစိုးရက ဆိုပါတယ်။

အဆိုပါ အင်တာနက်ဖြတ်တောက်မှုကို Ukhrul ခရိုင်အုပ်ချုပ်ရေးမှူး Ashish Das ရဲ့ တောင်းဆိုချက်အရ အစိုးရက အရေးပေါ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ လတ်တလော ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကြောင့် အများပြည်သူ ဘေးကင်းလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေအနေနဲ့ အခုလို အင်တာနက် ဖြတ်တောက်လိုက်တာဟာ သတင်းမှားတွေကြောင့် လက်စားချေ တိုက်ခိုက်မှုတွေနဲ့ ပဋိပက္ခတွေ ပိုမိုမြင့်တက်မလာအောင် ထိန်းချုပ်ဖို့ ကြိုးစားတာဖြစ်ပြီး၊ အင်တာနက်ဝန်ဆောင်မှုပေးသူအားလုံးအနေနဲ့လည်း ဒီအမိန့်ကို တိတိကျကျ လိုက်နာဖို့နဲ့ ဖောက်ဖျက်ပါက ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *