Headlines

တွန်းဇံမြို့မှာ ဆေးရုံ ပြန်လည် ဖွင့်လှစ် နိုင်ခြင်း မရှိသော်လည်း တွန်းဇံမြို့နယ် ကောင်စီမှ ဆေးခန်း ၁ ခု ဖွင့်ထားနိုင်ပြီဖြစ်ကြောင်းသိရ

စက်တင်ဘာလ ၂၅ ရက်။

Chinland Council ပူးပေါင်းတပ်မှ သိမ်းပိုက် ထိန်းချုပ်ထားသော တွန်းဇံမြို့မှာ ဆေးရုံပြန်မဖွင့်နိုင်သေးပေမယ့် မြို့နေ ပြည်သူများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် Tonzang Township Council မှ ဆေးခန်း တစ်ခု ဖွင့်လှစ် ထား နိုင်ပြီ ဖြစ်ကြောင်း Chin World Media မှ စုံစမ်း သိရှိခဲ့ ရပါတယ်။

“ကျန်းမာရေး ပိုင်းကို ကျန်းမာရေးကော်မတီက ဦးစီးပြီး လုပ်တာပါ။ ပြည်သူ့ဆေးရုံမှာ တော့ ဖွင့်မထားဘူး။လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်တဲ့ အနေနဲ့ နေရာတော့ ပြောလို့ အဆင် မပြေဘူး” လို့ CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြောပါတယ်။

“ဆေးရုံဖွင့် လိုက်ရင် ညအိပ်ပြီး ကုသရမယ့် လူနာတွေ ရှိလာနိုင်တယ်။ လတ်တလောမှာ လက်ထောက် ဆရာဝန် တစ်ဦး၊ သူနာပြု လေးယောက်နဲ့ ဖွင့်ထားတဲ့ ဆေးခန်းက လည်ပတ် နေပါတယ်။ ဆိုတော့ ဆေးရုံဖွင့်ဖို့ အတွက် လိုအပ်တဲ့ လူအင်အား မရှိသေးလို့ မဖွင့်နိုင်သေးတာ ဖြစ်မယ်လို့ ထင်ပါတယ်” လို့ တွန်းဇံမြို့ဒေသခံတစ်ဦးကအခြေအနေကို သုံးသပ်ပြောပြပါတယ်။

တွန်းဇံမြို့နယ်ကောင်စီကဖွင့်ထားတဲ့ ဆေးခန်းမှာ ပုံမှန် ဆေးကုသမှုများ ပြုလုပ် နေခဲ့ကြောင်း၊ ခွဲစိတ်ကုသမှုများ ပြုလုပ်ရန် အဆင်ပြေ နိုင်ဦးမည် မဟုတ်ကြောင်း၊ တခြားကုန်ဈေးနှုန်းများ နဲ့ ယှဉ်ကြည့်ပါက ဆေးဝါး ဈေးနှုန်းများ သီးခြား ဈေးတက်တဲ့ပုံစံမျိုး မရှိသေးကြောင်း၊ ဆေးခန်းမှာ တာဝန်ထမ်းဆောင် နေတဲ့လက်ထောက် ဆရာဝန်မှာလည်းဆေးဝါးတချို့ ရှိပြီး မြို့တွင်းရှိ ဆေးဆိုင်များတွင် လည်း လက်ရှိ အချိန်အထိဝယ်ယူ လို့ ရရှိကြောင်း အဆိုပါ တွန်းဇံမြို့ဒေသခံ ဆီမှ ဆက်လက် သိရှိခဲ့ ရ ပါတယ်။

CDF-Tonzang ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့ဟာ တွန်းဇံမြို့ကို မေလ ၂၃ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက် ထိန်းချုပ် လိုက်ပြီးနောက်၊ တွန်းဇံမြို့နယ် ကောင်စီကို ဖွဲ့စည်းကာ အရပ်ဘက် အုပ်ချုပ်ရေးကို ဖော်ဆောင်ခဲ့ပါတယ်။

တွန်းဇံမြို့မှာ သတ္တမနေ့ မျှော်လင့်ခြင်း အသင်းတော် နှင့် ကက်သလစ် အသင်းတော်မှ ဖွင့်လှစ်သော စာသင်ကျောင်းများဖွင့်ထားပြီး စုစုပေါင်း ကျောင်းသား ၃၀၀ ကျော် တက်ရောက် လျက် ရှိကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *