
ဖေဖော်ဝါရီလ ၆ ရက်။
မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ဟာ အိန္ဒိယဗဟိုအစိုးရရဲ့ ၅၁၀ ကီလိုမီတာရှည်တဲ့ အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ထပ်မံအတည်ပြုလိုက်သော်လည်း ဒီစီမံကိန်းကို တားဆီးဖို့အတွက် ပြည်နယ်အစိုးရမှာ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာကိုတော့ ဝန်ခံထားပါတယ်။
မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် Lalduhoma ဦးဆောင်တဲ့ ဝန်ကြီးများကောင်စီဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်မယ့်အပေါ် Mizoram ရဲ့ ကာလရှည်ကြာ ကန့်ကွက်လာတဲ့ ရပ်တည်ချက်ကို ပြန်လည်ပြောကြားခဲ့တာပါ။
ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက “ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မူလရပ်တည်ချက်အတိုင်း ရှိနေပေမဲ့ နယ်စပ်ခြံစည်းရိုးခတ်တဲ့ကိစ္စဟာ ဗဟိုအစိုးရ (Union Subject) ရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ရှိနေတဲ့အတွက် ပြည်နယ်အနေနဲ့ ကန့်ကွက်တားဆီးပိုင်ခွင့် မရှိပါဘူး” လို့ ပြောပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Mizoram Assembly လွှတ်တော်မှာ ခြံစည်းရိုးခတ်မယ့် အစီအစဉ်နဲ့ အိန္ဒိယ-မြန်မာ လွတ်လပ်စွာ ကူးသန်းသွားလာခွင့် (FMR) ကို ပယ်ဖျက်မယ့်အပေါ် တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြတဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့မှာ Mizo Zirlai Pawl (MZP) နဲ့ Zo Reunification Organisation (ZORO) တို့ဟာ ဝန်ကြီးချုပ် Narendra Modi ထံ ပူးတွဲစာချွန်လွှာတစ်စောင် တင်ပြခဲ့ပြီး၊ ခြံစည်းရိုးခတ်လိုက်ရင် နယ်စပ်တစ်ဖက်တစ်ချက်စီမှာရှိတဲ့ Mizo မျိုးနွယ်စုတွေကို ကွဲကွာသွားစေလိမ့်မယ်လို့ သတိပေးထားပါတယ်။
Central Young Mizo Association (CYMA) ခေါင်းဆောင်တွေကလည်း ဇန်နဝါရီလအတွင်း New Delhi မှာ ပြည်ထဲရေးအတွင်းဝန် Govind Mohan နဲ့ တွေ့ဆုံစဉ်မှာ အလားတူ ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

