Headlines

လူသိနည်းတဲ့ တွန်းဇံမြို့နယ်က ဘိန်းခင်းများကိုသွားရောက်ခဲ့သူ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ခရီးစဥ်

ကိုဇံ(ချင်းတောင်)

မြေပြင် ကွင်းဆင်း မှတ်တမ်းတင်နိုင်မှု အားနည်းနေသေးတဲ့ လူသိနည်းတဲ့ ချင်းပြည်နယ်၊တွန်းဇံမြို့နယ်က ဘိန်း စိုက်ခင်းတွေမှာ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး တပါး ဖြစ်တဲ့ Father Andrew Go Lian ဦးဆောင်တဲ့ နယ်လှည့် ဒေသနာဟောကြား တဲ့ အဖွဲ့ဟာ ဇန်နဝါရီလ အစောပိုင်းမှာ ဘိန်းစိုက်ပျိုးရာ ဒေသများသို့ ကိုယ်တိုင် သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ဘိန်းခင်းမှာ အလုပ်လုပ်နေသူ အသင်းသားများအတွက် နှစ်သစ်ကူး ဝတ်ပြုပွဲ ဦးဆောင်ပေးခဲ့ပါတယ်။

Father Andrew Go Lian မှ ဘိန်းစိုက်ရာ ဒေသရဲ့ အခြေအနေ အသီးသီးကို လည်း ဗီဒီယို မှတ်တမ်း နှင့် ဓာတ်ပုံ မှတ်တမ်းများ ရိုက်ကူးပြီး Social Media ပေါ် တင်ခဲ့ရာ ရှုထောင့်ပေါင်းစုံဖြင့် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရ ပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့မှာ သွားရောက်ခဲ့တဲ့ ဘိန်းတောင်သူများ စုပေါင်း နေထိုင် ကြရာ၊ တွန်းဇံမြို့နယ် အရှေ့ဘက်ရှိ ဆွောင်းတို (Suangto) ရွာက တာလပတ်နဲ့ တဲထိုးထားတဲ့ ဘုရား ရှိခိုးကျောင်း မှာ ဝတ်ပြုစည်းဝေးပွဲ လုပ်တဲ့ အပေါ်မှာ ဘိန်းစိုက် တောင်သူများကို အားပေး အားမြှောက် ပြုတဲ့ ပုံစံ နဲ့ ဝေဖန်ကြတာကတော့ အများဆုံး တွေ့ခဲ့ရ ပါတယ်။

Father Andrew ကတော့ ဝေဖန်မှု မျိုးစုံ ထွက်ပေါ်လာတဲ့ ကိစ္စနှင့် ပတ်သက်ပြီး “ကျွန်တော်က ဘိန်းစိုက်ပျိုးတာကို အားပေးဖို့ ဘိန်းစိုက်တဲ့ ဒေသတွေကို ခရီး ထွက်တာမဟုတ်ဘူး။ အရောက်အပေါက် နည်းတဲ့ နယ်စွန်နယ်ဖျားတွေကို လှည့်ပြီး တရားသွား ဟောတာပါ။ ကိုယ့်ရဲ့ အသင်းသားတွေ ရှိတဲ့ နေရာ ဖြစ်လို့ ကိုယ်တိုင် သွားရောက်ခဲ့တာပါ။ ကျွန်တော့်တို့ အဖွဲ့မှာ Sisterတွေ၊ ဓမ္မဆရာတွေ ပါပါတယ်။ ယာတောရဲ့ အလယ်မှာ ရှိတဲ့ ရွက်ဖျင်တဲ ထိုးထားတဲ့ ဘုရားကျောင်းမှာ လည်း ကိုယ့်ရဲ့ အသင်းသားတွေ ရှိလို့ သွားရောက်ပြီး ဝတ်ပြုပွဲ ပြုလုပ်ပေးခဲ့တာပါ” လို့ Chin World Media ကို ပြောကြား ခဲ့ပါတယ်။

“ဘာသာရေးအဖွဲ့အစည်းတွေ၊ အသင်းတော်တွေ အနေ နဲ့ ဘိန်းစိုက်တဲ့ သူတွေကို အားပေးသလို ဖြစ်နိုင်တဲ့ အပြုအမူမျိုး ပြုလုပ်ဖို့ မသင့်တော်ပါဘူး။ ထိတွေ့ ဆက်ဆံတာ၊ သူတို့ရဲ့ ဘိန်း ရောင်းဝယ်မှု ကနေရတဲ့ ပိုက်ဆံ နဲ့ အလှူငွေတွေကို လက်ခံတာမျိုး မလုပ်သင့်ဘူး” လို့ ဒေသခံ လူလတ်ပိုင်း တစ်ဦးက ဘိန်းစိုက် တောင်သူများ နဲ့ ပတ်သက်ပြီး မှတ်ချက် ပြုထားပါတယ်။

Father Andrew ကတော့ ဝေးလံတဲ့ နယ်စွန်းနယ်ဖျားတွေမှာ အခုလို ဘိန်းစိုက်တာ နဲ့ ပတ်သက်ပြီး တစုံတခု ပြုလုပ်ဖို့ အာဏာ မရှိဘူး လို့ ပြောပါတယ်။ ဒါ့အပြင် “အသင်းသားတွေဟာ ဘယ်နေရာ၊ ဘယ် အခြေအနေ ရောက်ရောက် သူတို့ရဲ့ ဝိညာဉ်ရေးရာကို ပြုစု ဖို့က ကျွန်တော့်တို့ရဲ့ တာဝန် ဖြစ်တယ်။ ကျွန်တော်ဆိုရင် ဘိန်းစိုက်ခင်းထိ ကိုယ်တိုင်သွားတယ်။ တောင်သူတွေကို ဖယ်ကျဉ် မထားပဲ သူတို့အတွက် ဝတ်ပြုပွဲတွေ ဦးဆောင် ပြုလုပ်ပေးတယ်။ ကိုယ့်ရဲ့ အသင်းသား ယုံကြည်သူတွေကို ခွဲခြား ဆက်ဆံလို့ မသင့်တော်ဘူးလေ။ တဖက်မှာ ဘိန်းစိုက်ပျိုးမှုဟာ အစိုးရ လက်မခံကြောင်း၊ အသင်းတော်က လည်း လက်မခံကြောင်း၊ လူ့အသိုင်းအဝိုင်း ကလည်း ငြင်းပယ် ခဲ့တဲ့ အကြောင်း၊ မိမိလည်း လက်မခံကြောင်း သူတို့ကို ဟောကြား ခဲ့ရတယ်” လို့ ဆက်လက် ပြောကြား ခဲ့ပါတယ်။

ဒေသရဲ့ အခြေအနေကို ပြောကြား ရာမှာတော့ “ ကျွန်တော်တို့ ရှိနေတဲ့ အတောတွင်း မှာတင် ဘိန်းခင်းထဲမှာ နေ့စား လုပ်ကိုင်မယ့် အလုပ်သမားတွေ Skat ကား အပြည့်နဲ့ မြေပြန့်ကနေ ရောက်လာခဲ့တယ်။ တစ်ယောက်ကို တရက် မြန်မာငွေ ၂ သောင်း လောက် ရတယ်လို့ သိရတယ်။ မျက်စိ တဆုံး တောင်ကုန်းတွေ ပေါ်မှာ ဘိန်းစိုက်ခင်း တွေ ပြည့်နေတယ်။ သူတို့ အားလုံး ကိုယ့်ကိုယ်ကို guilty ဖြစ်တယ်လို့ မခံစားကြဘူး။ ပုံမှန် ဘဝ တခုလို ဖြစ်နေကြတာ တွေ့ရတယ်။ လူကြီးတွေ အနေနဲ့ ဒီ ဘိန်းစိုက်ပျိုးမှု သံသရာ ကနေ လွတ်မြောက်ဖို့ ခက်လိမ့်မယ်။ မျိုးဆက်သစ်တွေကို ဒီနွံကနေ လွတ်မြောက်နိုင်ဖို့ ကြိုစဉ်းစားပါ။ စီစဉ်ကြပါ လို့ သူတို့ကို တိုက်တွန်းခဲ့ရတယ်” လို့ Father Andrew က ပြောကြားခဲ့ ပါတယ်။

Father Andrew ရဲ့ ဘိန်းစိုက်ပျိုးရာ ဒေသများသို့ ကိုယ်တိုင် သွားရောက် မှတ်တမ်း ရယူမှုနဲ့ ပတ်သက်ပြီး ဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ် တဦးကတော့ “Father က ဘိန်းစိုက်ခင်းနဲ့ ဘာ အကျိုးစီးပွားရေးမှ ပတ်သက်မှု မရှိတဲ့သူ ဖြစ်တယ်။ ဘာသာရေး အရ သူက သွားရောက်ပြီး တောင်သူတွေကို ထိတွေ့ ဆက်ဆံ ခဲ့တယ်။ နှစ်သစ်ကူး ကာလမှာ သူက ဘိန်းခင်းတွေကို သွားရောက် လေ့လာတာမျိုး ပုံမှန် လုပ်လေ့ ရှိတယ်။ ကျွန်တော်တို့ပုံမှန် လူမှု နိုင်ငံရေး လှုပ်ရှားသူတွေ မရှိနိုင်တဲ့ မှတ်တမ်းတွေတောင် သူ လုပ်ပေး နိုင်ခဲ့တယ်။ သူ့ရဲ့ မှတ်တမ်းတွေဟာ ကျွန်တော်တို့ အတွက် ဒေသရဲ့ အခြေအနေမှန်ကို ဖော်ပြပေးတဲ့ အချက်အလက်တွေပဲ” လို့ သုံးသပ် ပြောဆို ခဲ့ ပါတယ်။

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုကို သုတေသနပြုလုပ်ပြီး စောင့်ကြည့် တွက်ချက်ခဲ့သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC (United Nation Office for Drug & Crime) အဖွဲ့အစည်းကိုယ်တိုင်က ချင်းပြည်နယ်မှာ မြေပြင် အထိ ကွင်းဆင်း တိုင်းတာခြင်းမပြုလုပ် နိုင်သေးဘဲ ဂြိုဟ်တုနည်းပညာဖြင့် VHR (Very High Resolution) ဓာတ်ပုံများ အပေါ် အခြေခံကာ တွက်ချက်ခဲ့ခြင်း ဖြစ်တယ် လို့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု အခြေအနေ အစီရင်ခံစာ မှာ ဖော်ပြခဲ့ ပါတယ်။

“ယခုနှစ် အတွက် ဘိန်းစိမ်း ဈေးက ပြောလို့ မရသေးဘူး။ လက်ရှိမှာ ဘိန်းဆီ ခြစ်နေတဲ့ ကာလ ဖြစ်တယ်။ အရင် နှစ်လို ပုံစံမျိုး အခင်းထဲထိ ဆင်းဝယ်တာ သိပ် မရှိဘူး။ ဈေးကောင်း မရမှာကိုတောင် စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေပါတယ်” လို့ ဘိန်းစိုက်တောင်သူများ နဲ့ ထိတွေ့ ဆက်ဆံမှု ရှိတဲ့ လူငယ် တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ချင်းပြည်နယ် အနေဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၈၃၁ (၈၀၆-၈၅၈) ဟက်တာ ရှိမယ်လို့ ခန့်မှန်းရာမှာ ၂၀၂၅ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၁၀၄၀ (၁၀၀၀-၁၀၉၀)ဟက်တာရှိမယ် လို့ခန့်မှားထားကာ ချင်းပြည်နယ် မှာ ၂၀၂၄ ခုနှစ်ထက် ၂၀၂၅ ခုနှစ်မှာ  ဘိန်းစိုက်ပျိုးမှု ၂၆ % ပိုမို များပြားလာတယ်လို့ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်ရဲ့ ဘိန်းစိမ်း ထုတ်လုပ်မှုမှာလည်း ၂၀၂၅ ခုနှစ်မှာ ၂၀ မက်ထရစ်တန် ထွက်ရှိနိုင်တယ် လို့ ခန့်မှန်းထားပြီး ယင်း ပမာဏဟာ မြန်မာတနိုင်ငံလုံးရှိ ဘိန်းစိမ်း ထုတ်လုပ်မှုရဲ့  ၂ ရာခိုင်နှုန်း ရှိတယ်လို့လည်း UNODC ရဲ့ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု စစ်တမ်း အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက် ဧရိယာ ၄၅,၂၀၀ ဟက်တာရှိရာမှ ၂၀၂၅ ခုနှစ်မှာ ၅၃,၁၀၀ ဟက်တာ အထိ မြှင့်တက်ခဲ့ပြီး ၂၀၂၅ ခုနှစ် အတွင်း မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း မြှင့်တက်ကာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာပါ ဖော်ပြချက်များ အရ သိရပါတယ်။

ချင်းပြည်နယ်ဟာ ဒေသအလိုက် ဘိန်းစိုက်ပျိုးမှု တိုးတက်နှုန်းမှာ ၂၆ ရာခိုင်နှုန်း ဖြင့် ဒုတိယ အများဆုံး ဒေသ ဖြစ်ကြောင်း ဘိန်းစိုက်ပျိုးမှု တိုးတက်နှုန်း အများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ၃၂ ရာခိုင်နှုန်းထိ မြှင့်တက်ခဲ့ကြောင်း၊ တနိုင်ငံလုံးဘိန်း စိုက်ပျိုးမှုရဲ့ ၄၄ ရာခိုင်နှုန်းရှိပြီး ဒေသအလိုက် စိုက်ပျိုးမှု အမျာဆုံးဒေသဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းမှာ တော့ ၁၃ ရာခိုင်နှုန်း တိုးတက်သွားကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ပထမဆုံး အကြိမ် အဖြစ် ဘိန်းစိုက်ခင်း ရှိသည်ဟု ဖော်ပြထားပြီး ဘိန်းစိုက်ခင်း ၅၅၂ ဟက်တာ ရှိကြောင်း၊ စိုက်ပျိုးမှု အနိမ့်ဆုံး တိုးတက်ခဲ့တဲ့ ကချင်ပြည်နယ်မှာတော့ ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း UNODC ရဲ့အစီရင်ခံစာ မှာ ဖော်ပြခဲ့ ပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံ အနေဖြင့် ဘိန်းဖြူ ထုတ်လုပ်နိုင်မှု လျော့ကျ လာတာကြောင့် ယင်း နိုင်ငံမှ ဘိန်းဖြူ ထောက်ပံ့ပေးသည့် ဈေးကွက်များ ထဲသို့ မြန်မာနိုင်ငံမှ ဘိန်းဖြူများ ဝင်ရောက်လာတဲ့ လက္ခဏာများ တွေ့ရတယ် လို့လည်း UNODC က ဖော်ပြထား ပါတယ်။

ချင်းပြည်နယ်မှာလည်း မြန်မာနိုင်ငံ၏ အနောက်ဘက် နယ်စပ်ဒေသများကို ဦးတည်ပြီး ဘိန်းစိုက်ပျိုးမှု ချဲ့ထွင်လာပြီး ယင်းကြောင့် အိမ်နီးချင်းနိုင်ငံများတွင် သက်ရောက်မှုများစွာ ဖြစ်ပေါ် စေနိုင်တယ် လို့လည်း UNODC ရဲ့အစီရင်ခံစာ က သတိ ပေးထား ပါတယ်။

ကိုဇံ(ချင်းတောင်)

Leave a Reply

Your email address will not be published. Required fields are marked *