Headlines

ပလက်ဝမြို့နယ်မှာ AA က ၄၅ ရက် စစ်သင်တန်းတက်ဖို့ အတင်းလူစုဆောင်းလို့ ဒေသခံအမြောက်အများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ဇန်နဝါရီလ ၂၈ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကစလို့ အာရက္ခတပ်တော် ( AA) က စစ်သင်တန်း ၄၅ ရက် တက်ရောက်ဖို့ အတင်းအဓမ္မနာမည်စာရင်းကောက်ယူတာတွေ လူဖမ်းဆီးတာတွေ လုပ်နေလို့ ဒေသခံတွေဟာ ရရာလမ်းကြောင်းတွေနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

အာရက္ခတပ်တော် ( AA) က စစ်သင်တန်း ၄၅ ရက်တက်ရောက်ဖို့ ပြီးခဲ့တဲ့နိုဝင်ဘာလ ကစလို့ ပလက်ဝမြို့ပေါ်မှာ ဟောပြောတာ ၊ စာရင်းကောက်ယူတာတွေ အရင်လုပ်ခဲ့ပြီးနောက် ပလက်ဝအောက်ပိုင်းက ရွာတွေမှာ တစ်ရွာဝင် တစ်ရွာထွက်တောက်လျောက်လုပ်သလို ပလက်ဝအထက်ပိုင်းက ရွာတွေမှာလည်း အခုဇန်နဝါရီလကစလို့ တောက်လျှောက် လုပ်လာတာကြောင့် ဒေသခံ ခူမီးချင်းတိုင်းရင်းသား ကျားမ မရွေးအကုန်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ အမျိုးသားဆိုရင် အသက် ၁၄ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၄ နှစ်ကနေ ၃၅ နှစ်အထိ စစ်သင်တန်း ၄၅ ရက်တက်ရမယ်ပေါ့ နောက်ပိုင်း တပ်တော်ထဲမှာ တာဝန်ထမ်းဆောင်ရမယ်ပေါ့ အဲလိုတွေ စည်းရုံးတာ နာမည်စာရင်းကောက်ယူတာတွေ ဖမ်းဆီးတာတွေ တောက်လျောက်လုပ်လာလို့ ကျနော်တို့ ခူမီးလူငယ်အကုန်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ် သူတု့ိဆီမှာ စစ်မှုမထမ်းချင်ကြဘူးလေ အေအေတပ်ဖွဲ့က အတင်းအဓမ္မကို လုပ်နေကြတာ” လို့ပြောပါတယ်။

အာရက္ခတပ်တော် ( AA) ရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေကြောင့် ခူမီးချင်းလူမျိုး အများစုဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ပြည်မဘက်ကို အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကစလို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ မီဇိုရမ်ပြည်နယ်ဘက်နဲ့ မြန်မာပြည်မဘက်ကို ထွက်ပြေးတမ်းရှောင်သူ ဦးရေဟာ စုစုပေါင်း ၇၀၀ ကျော်ခန့် ရှိနေပြီလို့လည်း လက်လှမ်းမီသမျှ စစ်တမ်းကောက်ယူသူတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *