Headlines

မလေးရှားရောက် ချင်းဒုက္ခသည်များ သြစတြေးလျားနိုင်ငံကို အခြေချနေထိုင်နိုင်ရေး ဩစတေးလျနိုင်ငံအထက်လွှတ်တော်အမတ် နဲ့ ချင်းဒုက္ခသည်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့

ဇန်နဝါရီလ ၁၉ ရက်။

မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်များ သြစတြေးလျားနိုင်ငံကို အခြေချနေထိုင်နိုင်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မလေးရှားရောက် ချင်းဒုက္ခသည်အဖွဲ့အစည်းများဖြစ်တဲ့ Alliance Of Chin Refugees ( ACR ) , Chin Refugees Committee (CRC) နှင့် Falam Refugee Organization (FRO) အဖွဲ့စည်းများပူး‌ပေါင်းပြီး သြစတြေးလျားနိုင်ငံအထက်လွှတ်တော်အမတ် Senator Dean Smith နဲ့ အထူးအစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ACR က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အစည်းအဝေးကို ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး သြစတြေလျားချင်းအဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ချို့နဲ့ အခြားတိုင်းရင်းသား မိတ်ဆွေတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ACR ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ Falam Refugee Organization (FRO) က ဦးဆောင်သူတစ်ဦးက“ ဆွေးနွေးတာက ပြောရမယ်ဆိုရင် အများကြီးပေါ့ မလေးရှားမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ခက်ခဲတဲ့အကြောင်း ပြီးတော့ နေထိုင်ခွင့်လမ်းကြောင်းတွေ ဖွင့်ပေးနိုင်အောင် သြစတြေးလျက အရင်နှစ်ထက် ပိုများပြီးခေါ်နိုင်အောင် အဲလိုမျိုးကိစ္စတွေ ဆွေးနွေးခဲ့တယ်” လို့ပြောပါတယ်။

မလေးရှားရောက်ချင်းဒုက္ခသည်တွေ ဩစတေးလျနိုင်ငံသို့ အခြေချနေထိုင်နိုင်ရေးကိစရပ်တွေနဲ့ မိသားစုခေါ်စာများအပါအဝင် ဗီဇာလျှောက်ထားရာမှာ စောင့်ဆိုင်းမှု ကြန့်ကြာလွန်းတဲ့ ကိစ္စတွေကို ဦးစားပေးဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဩစတေးလျနိုင်ငံအထက်လွှတ်တော်အမတ် Senator Dean Smith ဟာ မလေးရှားရောက်ချင်းဒုက္ခသည်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မလေးရှားရှိ UNHCR နဲ့ ဩစတေးလျသံရုံးရဲ့ အရာရှိတွေနဲ့ ဆက်လက်တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *