ဟားခါးမြို့က တင်ဒါကုမ္ပဏီတချို့နဲ့ လူပုဂ္ဂိုလ်တချို့ကို CDF – Hakha က အမည်ပျက်စာရင်းကြေညာထားပြီး လာရောက်ဖြေရှင်းကြဖို့သတိပေး

ဇန်နဝါရီလ ၁၅ ရက်။

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်က တင်ဒါကုမ္ပဏီတချို့နဲ့ လူပုဂ္ဂိုလ်တချို့ကို အမည်ပျက်စာရင်း ကြေညာပြီး ၎င်းတို့အနေဖြင့် ၁၅ ရက်အတွင်း လာရောက်ဖြေရှင်းခြင်းမရှိရင် ပိုင်ဆိုင်မှုတွေ သိမ်းပိုက်ပြီး ဟားခါးမြို့နယ်အတွင်း စီးပွားရှာနေထိုင်သွားလာခွင့် ပိတ်ပင်သွားမယ်လို့ CDF – Hakha Central Council က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

CDF – Hakha Central Council က ကြေညာတဲ့ အမည်ပျက်စာရင်းမှာ ပါရှိတဲ့ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တွေဟာ စစ်အုပ်စုရဲ့ အစေတော်ခံ ဒုတိုင်းမှူး၊ ဗျူဟာမှူးကအစ ၊ ဝန်ကြီးချုပ် နဲ့ ဝန်ထမ်းတွေ အားလုံးနဲ့ပူးပေါင်းပြီး အကျင့်ပျက်ခြစားမှုနဲ့ ကိုယ်ကျိုးအတွက် နာမည်မျိုးစုံနဲ့ ကုမ္ပဏီတွေထောင်နေကြတာလို့လည်း ဖော်ပြထားပါတယ်။

တင်ဒါလုပ်ငန်းတွေမှာလည်း လုပ်ငန်းအမှန်တကယ် ဆောင်ရွက်မှုလုံးဝမရှိဘဲ စာရွက်စာတမ်း ဓာတ်ပုံအတုအယောင်တွေ တင်ပြပြီး ငွေလုံးငွေရင်းတွေကို ဘဏ်ဝန်ထမ်းတွေနဲ့ အတူ ကြံဖန်ထုတ်ယူကြတဲ့ငွေပမာဏာ ဟာ စစ်အာဏာသိမ်း ၅ နှစ်အတွင်း ပြည်သူ့ ဘဏ္ဍာငွေ သန်းပေါင်း (၈၃,၆၈၈) ကျော်ရှိနေပြီဖြစ်တယ်လို့လည်း CDF – Hakha Central Council က ဖော်ပြထားပါတယ်။

တော်လှန်ရေးကာလ အခြေအနေအရပ်ရပ်ကြောင့် ကျူးလွန်သူတွေကို ရာနှုန်းပြည့် အရေးယူနိုင်ခြင်းမရှိသေးတာကိုလည်း CDF – Hakha Central Council အနေဖြင့် ဝန်ခံထားပြီး ၎င်းတို့အနေဖြင့် ဖော်ပြထားခြင်း မရှိသေးတဲ့ အသင်းအဖဲ့ွ ၊ လုပ်ငန်းရှင်တွေကိုလည်း အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိမရှိနဲ့ အကျင့်ပျက်ခြစားမှု ရှိမရှိတို့ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

CDF – Hakha Central Council ဟာ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်မှာအခြေစိုက်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး စစ်ရေးအပြင် နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင် တွေ အတွက် ဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *