


ဇန်န၀ါရီလ ၁၃ ရက်။
မြန်မာစစ်ကော်မရှင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက Khonumthung သတင်းဌာနရဲ့ သတင်းသမားတစ်ဦးနဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပါအဝင် မြန်မာပြည်သူများအပေါ် ကျူးလွန်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အရှေ့တီမော(Timor-Leste) နိုင်ငံ၊ Dili မြို့က အစိုးရရှေ့နေရုံးမှာ တရားစွဲဆိုနိုင်ရေးအတွက်လျှောက်ထားစာကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က တင်သွင်းခဲ့ပါတယ်။
ဒီအမှုကို Chin Human Rights Organisation (CHRO) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့အဖွဲ့ကနေ Myanmar Accountability Project (MAP) ရဲ့ ဝန်းရံပံ့ပိုးမှုနဲ့အတူ Timor-Leste နိုင်ငံအခြေစိုက် Da Silva Teixeira & Associados Lda ရှေ့နေအဖွဲ့က ရှေ့နေတွေဖြစ်တဲ့ Jose Teixeira နဲ့ Nuno Marazes တို့ရဲ့ အကူအညီကိုယူပြီး အစိုးရရှေ့နေရုံးမှာ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းစတင်ပေးဖို့ တရားဝင် တိုင်ကြားစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ဇန်နဝါရီ ၆ ရက်နေ့မှာ မတူပီ-ပလက်ဝ လမ်းပေါ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်ရဲ့ ခမရ (၁၄၀) တပ်ရင်းဟာ လမ်းမှာတွေ့တဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇန်နဝါရီ ၉ ရက်နေ့မှာ ဖမ်းဆီးခံရပြီး အသတ်ခံရသူတွေကို ပြန်တွေ့တဲ့အခါမှာ ၎င်းတို့ဟာ လက်ပြန်ကြိုးတုပ်ခံထားရပြီး၊ အများစုမှာ လည်ပင်းလှီးဖြတ်ခံထားရတဲ့ ဒဏ်ရာတွေ၊ ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
Chin Human Rights Organisation (CHRO) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk က “တင်သွင်းလိုက်တဲ့ အမှုတွဲထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်တာ၊ လည်လှီးသတ်ဖြတ်ခံရသူ ၈ ဦး အပါအဝင် လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ခရစ်ယာန် Pastor တစ်ဦးနဲ့ Deacons ၃ ဦးကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် ဆေးဝန်ထမ်း ၄ ဦးနဲ့ လူနာ ၄ ဦး သေဆုံးခဲ့ရတဲ့ ဆေးရုံပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဆက်တိုက် တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ အထောက်အထားတွေကိုလည်း အဓိကထား တင်ပြထားပါတယ်” လို့ဆိုပါတယ်။
သူကဆက်ပြီး “ဒီရာဇဝတ်မှုတွေအတွက် Timor-Leste မှာ အရေးယူဖို့ ကြိုးစားရတာကတော့ ဒီနိုင်ငံမှာ ကျင့်သုံးတဲ့ Universal Jurisdiction (စကြဝဠာဆိုင်ရာ စီရင်ပိုင်ခွင့်) မူဝါဒကြောင့်ပါ။ ဒါဟာ ရာဇဝတ်မှုက ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ကျူးလွန်သူနဲ့ နစ်နာသူက ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် သက်ဆိုင်ရာ အစိုးရက အရေးယူခွင့်ရှိတဲ့ မူဝါဒ ဖြစ်ပါတယ်။ Timorese ရှေ့နေအဖွဲ့က Jose Teixeira နဲ့ Nuno Marazes (Da Silva Teixeira & Associados Lda ရှေ့နေအဖွဲ့) တို့ကတော့ ဒီအမှုဟာ Timor-Leste ရဲ့ တရားစီရင်ရေးစနစ်အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ CHRO က မှတ်တမ်းတင်ထားတဲ့ အထောက်အထားတွေအပြင် UN ရဲ့ Independent Investigative Mechanism for Myanmar (IIMM) မှာရှိတဲ့ ခိုင်မာတဲ့ အချက်အလက်တွေကိုလည်း အသုံးပြုခဲ့တယ်” လို့ ဆိုပါတယ်။
အခု တိုင်ကြားထားတဲ့ ရာဇဝတ်မှုတွေဟာ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့ ချင်းပြည်နယ်ထဲမှာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတာလို့ Salai Za Uk က ပြောပါတယ်။
CHRO ရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ် ဇူလိုင်လကစပြီး ချင်းပြည်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၁,၀၀၀ နီးပါး ရှိခဲ့သလို အိမ်ခြေ ၄,၆၀၀ ကျော် ပျက်စီးခဲ့ကြောင်း၊ အရပ်သား ၄၇၈ ဦး (အမျိုးသမီး ၉၁ ဦးနဲ့ ကလေး ၇၉ ဦး အပါအဝင်) သေဆုံးခဲ့ပြီး ဆေးရုံ ၁၉ ခု၊ ကျောင်း ၂၅ ကျောင်းနဲ့ ဘုရားကျောင်း ၇၈ ကျောင်း အပါအဝင် ဘာသာရေး အဆောက်အအုံ ၁၂၇ ခုလည်း ပျက်စီးခဲ့ကြောင်းပါရှိပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင်လည်း UN ရဲ့ နောက်ဆုံးအချက်အလက်တွေအရ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ စစ်ကော်မရှင်ကြောင့် သေဆုံးရတဲ့ အရပ်သား ၆,၄၇၃ ဦး (အမျိုးသမီး ၁,၄၈၇ ဦးနဲ့ ကလေး ၇၄၈ ဦး အပါအဝင်) ရှိခဲ့ပြီး လူပေါင်း ၃၀,၀၀၀ ကျော် အဖမ်းခံခဲ့ပါတယ်။
အခုချိန်ထိလည်း အကျဉ်းထောင်ထဲမှာ ၂၂,၀၀၀ ကျော် ကျန်နေသေးသလို၊ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ သေဆုံးသူ ၂,၀၀၀ နီးပါး ရှိနေတဲ့အပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ ခုံရုံးတွေကနေ လူပေါင်း ၁၇၂ ဦးကို သေဒဏ် အမိန့်ချထားတယ်လို့ တိုင်ကြားစာမှာထည့်သွင်းထားပါတယ်။
မြန်မာပြည်မှာ လူပေါင်း ၃.၅ သန်းကျော် (လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကျော်) ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသန်း ၂၀ နီးပါးက အကူအညီတွေ လိုအပ်နေပေမဲ့ ၂၀၂၅ မတ်လမှာ ငလျင်လှုပ်ခဲ့တဲ့ အချိန်မျိုးမှာတောင် စစ်တပ်က လူသားချင်းစာနာမှု အကူအညီတွေကို တောက်လျှောက် ပိတ်ပင်ထားခဲ့တဲ့ အပြင်ဘေးကင်းရာကို ရှာဖွေဖို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေရသူ ၁ သန်းကျော် ရှိနေတာကြောင့် ဒါဟာ ဒေသတွင်း ဒုက္ခသည် ပြဿနာကြီးတစ်ခု ဖြစ်နေပါတယ်။
Salai Za Uk က “Timor-Leste ရဲ့ သမိုင်းနဲ့ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေဟာ ဆင်တူနေတာကြောင့် ဒီအမှုဟာ Timorese ပြည်သူတွေရဲ့ စာနာမှုကို ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ၁၉၉၁ ခုနှစ်က Dili မြို့က Santa Cruz Massacre (လူ ၂၅၀ ကျော် အသတ်ခံရမှု) လိုမျိုးပဲ အခု မြန်မာပြည်မှာလည်း လက်နက်မဲ့ပြည်သူတွေကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်နေတာပါ” လို့ ဆိုပါတယ်။
Myanmar Accountability Project ရဲ့ ဒါရိုက်တာ Chris Gunness ကလည်း Timor-Leste အာဏာပိုင်တွေဘက်က စုံစမ်းစစ်ဆေးမှု စတင်လိုက်မယ်ဆိုရင် ဒါဟာ ASEAN တစ်ခုလုံးကို “မြန်မာပြည်က အခြေအနေတွေဟာ သည်းခံနိုင်စရာ မရှိတော့ဘဲ ပြောင်းလဲဖို့ လိုနေပြီ” ဆိုတဲ့ အားကောင်းတဲ့ သတင်းစကား ပါးလိုက်တာပဲလို့ ပြောပါတယ်။
Salai Za Uk က Timor-Leste က အရပ်ဘက် အဖွဲ့အစည်းတွေ၊ Catholic Church နဲ့ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ တရားမျှတမှုအတွက် တောင်းဆိုသံကို နားထောင်ပေးပြီး ဝန်းရံပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

