
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အဖွဲ့မှာ မပါဝင်တော့ပေမယ့် မြန်မာပြည်သူတွေ အားလုံးရဲ့ အသံကို ကမ္ဘာက ကြားသိစေရန် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေကို ချဲ့ထွင်သွားမှာဖြစ်တယ်လို့ ဒေါက်တာဆာဆာက သူ့ရဲ့လူမှုကွန်ယက် ဖေ့ဘုတ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က အသိပေး ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ် ၊ သြဂုတ်လအတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကို ဖျက်သိမ်းတော့မှာဖြစ်တဲ့အကြောင်း ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH) ဥက္ကဌတို့က သူ့ကို အသိပေးအကြောင်းကြားခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကနေ နုတ်ထွက်တာနဲ့ ပက်သက်လို့ ဒေါက်တာဆာဆာက ရှင်းပြထားပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားတဲ့ ဒေါက်တာဆာဆာက မြန်မာနိုင်ငံခေတ်သစ်သမိုင်းတွင် အမှောင်မိုက်ဆုံးကာလကို ဖြတ်သန်းနေရတဲ့ချိန်သတ္တိပြောင်မြောက်တဲ့ မြန်မာပြည်သူတွေအတွက် အမှုထမ်းခွင့်ရခဲ့တာကိုလည်း အကြီးမြတ်ဆုံးသော ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး သူ့ပေါ်ယုံကြည်ပေးခဲ့ကြတဲ့အတွက်လည်း အထူးကျေးဇူးတင်တယ်လို့ ဒေါက်တာဆာဆာက ဖော်ပြထားပါတယ်။
လက်ရှိအချိန်ကစလို့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု ဆက်လက်ရရှိရေး၊ လူသားအရင်းအမြစ်နှင့် ဘဏ္ဍာရေး အရင်းမြစ်တွေ ရရှိရေးမဟာဗျူဟာမူဘောင်ကို ဦးတည်တဲ့ “ပြည်သူ့အခြေခံ” ကို စတင်အကောင်အထည်ဖော်ရာမှာ ကိုယ့်ကိုယ်ကို နဲ့ အချိန်တွေကို အပြည့်အဝ မြှုပ်နှံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ“ပြည်သူ့အခြေခံ” ကို အကောင်အထည်ဖော်မှုကို တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း (၃) ရပ်နှင့် လုပ်ဆောင်သွားမှာဖြစ်ပြီး ၎င်းတို့အနက် ပထမဆုံးခြေလှမ်းအနေဖြင့် “ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ အင်စတီကျူ (IPFD)” ကို စတင်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
IPFD အနေဖြင့် လွတ်မြောက်နယ်မြေတွေမှာ ဒေသန္တရအုပ်ချုပ်ရေးနှင့် အောက်ခြေမှ အထက်သို့တည်ဆောက်သော ဖက်ဒရယ်စနစ် (Bottom – up Federalism) ကို အားဖြည့်ဆောင်ရွက်ခြင်း၊ မြန်မာပြည်သူတွေရဲ့ အသံကို ကမ္ဘာက ကြားသိစေရန် နိုင်ငံတကာ ထိ ဆက်ဆံမှုတွေ ချဲ့ထွင်ခြင်း၊ မတူကွဲပြားမှုများနှင့် ယှဉ်တွဲနေထိုင်ခြင်းများကို မြှင့်တင်ပေးပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သောအုပ်ချုပ်မှု စနစ်ကို ပံ့ပိုးကူညီခြင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့အစည်းရဲ့ အဓိကရည်မှန်းချက်ဟာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို အရှိန်မြှင့်တင်ရန်ဖြစ်ပြီး ဒီလုပ်ငန်းစဉ်တွေဟာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သံတမန်ရေး၊ လူသားချင်းစာနာမှုနှင့် နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုတွေကို ဖြည့်ဆည်းပေးပြီး ပိုမိုအားကောင်းစေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်သူတွေ လွတ်လပ်မှု မရမချင်းလည်း အနားယူမှာမဟုတ်ကြောင်းနှင့် ဘယ်တော့မှလည်း အရှုံးပေးမှာမဟုတ်ဘူးလို့ လည်း ဆိုပါတယ်။
NUG မှ လုပ်ဖော်ကိုင်ဖက်တွေ နှင့် မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးကြသူတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်တဲ့ကြောင်းကိုလည်း ထပ်လောင်းဖော်ပြထားပါတယ်။

