
မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကဒ်အသိမ်းခံရပြီး အသနားခံစာတင်ပေမယ့် ကဒ်ပြန်လည်မရရှိသေးသူတွေအနေနဲ့ ဇူလိုင်လကုန်နောက်ဆုံးထားပြီး မိမိ အသနားခံစာတင်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှာ အမည်စာရင်းများ ပြန်လည်ပေးအပ်ဖို့ Independent Chin Communities (ICC) ကဇူလိုင် (၈) ရက်နေ့မှာ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။
UNHCR ရဲ့ Chin Cessation Policy ခေါ် ချင်းဒုက္ခသည်များ ဒုက္ခသည်အဖြစ်မှ ရပ်ဆိုင်းခြင်းကာလ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များအတွင်း UN ကဒ်များ မတရားအသိမ်းခံရပြီး ကဒ်များပြန်ပေးရန် မိမိအဖွဲ့အစည်းများမှ အသနားခံစာတင်ပေမယ့် ယနေ့ချိန်ထိ ပြန်မရရှိသေးတဲ့ (13C-UNHCR ကဒ်ကိုင်) မလေးရှားရောက် ချင်းဒုက္ခသည်များ အနေဖြင့် မိမိအသနားခံစာတင်ခဲ့တဲ့ အဖွဲ့အစည်းများ ထံ အမည်စာရင်းနဲ့ အချက်အလက်များ ပြန်လည်ပေးအပ်ရန် တောင်းခံခြင်းဖြစ်ပါတယ်။
အမည်စာရင်းများကို ICC အဖွဲ့ဝင်များဖြစ်တဲ့ Alliance Of Chin Refugees (ACR), Chin Refugees Committee (CRC), DAI Community Malaysia (DCM), Falam Refugees Organization (FRO) နဲ့ Zomi Association of Malaysia (ZAM) များအနက် မိမိအဖွဲ့စည်းအသီးသီး (သို့မဟုတ်) မိမိ အသနားခံစာတင်ခဲ့တဲ့အဖွဲ့အစည်းထံ ဇူလိုင်လ (၃၁) ရက်နေ့နောက်ဆုံးထားပြီး စာရင်းပေးအပ်ရမှာဖြစ်ပါတယ်။
အမည်စာရင်းနဲ့ လိုအပ်တဲ့အချက်အလက်များပေးအပ်ရာမှာ ICC အဖွဲ့အစည်းတစ်ခုခုကို ပေးအပ်ပြီးဖြစ်ပါက အခြားနောက်အဖွဲ့ထံကို ပေးအပ်ခြင်းများမပြုလုပ်ရန်လည်း အသိပေးထုတ်ပြန်ထားပါတယ်။
စာရင်းပြန်လည်ပေးအပ်ရာမှာ အသနားခံစာ လျှောက်ထားခဲ့သူများရဲ့ ကိုယ်ရေးအချက်အလက်များ အပါအဝင် UNHCR ဖိုင်နံပါတ်၊ UNHCR ကိုယ်ပိုင်နံပါတ်၊ အသနားခံစာတင်ခဲ့တဲ့ ရက်စွဲများကို ပေးအပ်ရမှာဖြစ်ပါတယ်။
ယခုကဲ့သို့ကောက်ယူခြင်းဟာ UNHCR ရဲ့စေခိုင်းခြင်းကြောင့်မဟုတ်ဘဲ မိမိလူမျိုးများအတွင်းကျန်ရှိနေသေးတဲ့ စာရင်းများကိုသိရှိလိုခြင်းနဲ့ သက်သေအထောက်ထားများရရှိနိုင်ရန်အတွက် ကောက်ယူခြင်းဖြစ်တယ်လို့ သိရပါတယ်။