Headlines

မင်းတပ်မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်ပြီး ကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာစေရန် ပြည်သူတွေလိုက်နာရမယ့် အမှိုက်ပစ်ရမယ့် စည်းကမ်းချက်များ ထုတ်ပြန်

ဇွန်လ ၃၀ ရက်။

မင်းတပ်မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်ပြီး ကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာစေရန် မင်းတပ်မြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေ လိုက်နာ ဆောင်ရွက်ရမယ့် အမှိုက်ပစ်ရမယ့် စည်းကမ်းချက်များကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မင်းတပ်- ပအဖ) က ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လိုက်နာဆောင်ရွက်ရမယ့် အချက်တွေနဲ့ပက်သက်ပြီး မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေဖြင့် သိရှိလိုက်နာဆောင်ရွက်ကြဖို့နဲ့ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကိုလည်း ပြန်လည် တင်ပြဖို့ကို မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

မင်းတပ်မြို့နယ်တစ်ခုလုံး တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းလုံခြုံရေး၊ တရားစီရင်ရေးနဲ့ တကွ မြို့ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လည်ပတ်လုပ်ဆောင်နေတယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

အထူးသဖြင့် မိမိတို့ ချင်းလူမျိုးတို့၏ ကိုယ်ပိုင်စရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်းတို့ဖြင့် ရှေးပဝေသဏီ ဘိုးစဉ်ဘောင်ဆက် အမှီပြု ထိန်းသိမ်းနေထိုင်လာခဲ့ကြသော ရေမြေတောတောင် သဘာဝအလှတရားများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အလေးထားအာရုံစိုက်ပြီး သစ်တောထိန်းသိမ်းခြင်း၊ ဒေသမျိုးရင်းအပင်များဖြင့် အထိမ်းအမှတ်သစ်ပင်စိုက်ပွဲများပြုလုပ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊နောင်တွင် ယခုထက်ပို၍ ဒေသရင်းအပင်များကို တိုးချဲ့စိုက်ပျိုး၍ အပင်များ ရေရှည်ပေါက်ဖွား ရှင်သန်စေရန်အတွက် စနစ်တကျ ပြင်ဆင်ထိန်းသိမ်းမှုများလုပ်ဆောင်ရန် စီမံကိန်းချ အကောင်အထည်ဖော်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက မင်းတပ်မြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်အောင် တိုက်ထုတ်ခဲ့ပြီး လက်ရှိ မင်းတပ်မြို့နယ် အုပ်ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *