Headlines

နေ့တိုင်းနီးပါး လေကြောင်းတိုက်ခိုက်ခံရတဲ့ မင်းတပ်မြို့နယ်မှာ အရပ်သားပြည်သူထိခိုက်၊ သေဆုံးတာတွေအထိ ရှိနေ

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်တာတွေ နေ့တိုင်းလိုလို ခံနေရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အရပ်သားပြည်သူထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးတာတွေအထိရှိနေတယ်လို့ စစ်ရေးအခြေအနေ သိရှိတဲ့ မင်းတပ်မြို့ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

စစ်ရေးအခြေအနေသိရှိတဲ့ မင်းတပ်မြို့ဒေသခံတစ်ဦးက “ လေကြောင်းတိုက်ခိုက်တာက နေ့တိုင်းလိုလိုပဲ ကျနော်တို့ဘက်မှာတော့ အဖိုးကြီးတစ်ယောက် လွန်ခဲ့တဲ့ ၃ ရက်နေ့က ခြေထောက်ထိတယ် အဲဒီနေ့ကဆိုရင် စစ်ကောင်စီက လေကြောင်းကနေ Rocket နဲ့ အချက် ၂၀ နီးပါးကို လူသွားလမ်းတောက်လျှောက်ပစ်တယ် ဘယ်လိုလေယာဉ်မျိုးအစားလဲတော့ မသိဘူး မနက် ၂ နာရီလောက်ကိုပစ်တာ၊ အရပ်သားရော ကာကွယ်ရေးဘက််ကရော ထိခိုက်သေဆုံးတာတွေ ရှိပါတယ် သတင်းမထုတ်ပြန်ကြသေးတာပါ ” လို့ Chin World Media ကိုပြောပါတယ်။

စက်တင်ဘာလ ၆ ရက်၊၇ ရက်မှာလည်း မင်းတပ်မြို့နယ် တိုက်နယ် ၂၊တိုက်နယ် ၄ ဖက်က ကျေးရွာတွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့သလို မနေ့စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းခြောက်နာရီခွဲလောက်မှာလည်း မင်းတပ်မြို့တိုက်နယ် ၃ ရွာတွေဘက်ကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တစ်စီးကနေ ပေါင် ၅၀၀ ဗုံး အပြင် အသေး ၃ လုံးခန့် ကြဲချပြီး တိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိခဲ့တယ်လို့လည်း သိရှိရပေမယ့် ချင်းဝေါ်လ်မီဒီယာအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီနှစ် ၆ လတာအတွင်း အပြစ်မဲ့ပြည်သူ၈ ဦး ( မြို့နယ်ပြင်ပကို ကယ်ရီသမားအဖြစ်သွားတဲ့ပြည်သူ ၆ ဦးအပါအဝင်) နှင့် CDF တပ်ဖွဲ့ဝင် ၃ ဦး အပါအဝင်နဲ့ ၁၁ ဦး သေဆုံးကာ ပြည်သူ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် က ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကိုလည်း စစ်ကောင်စီက ထောက်ပို့လေယာဉ်တွေ အသုံးပြုပြီး လေထီးကနေ ခဲယမ်းရိက္ခာတွေကို ချပေးနေတာ အရင်လဩဂုတ်လကနေ ဒီလ ရက်ပိုင်းအတွင်း ခပ်စိပ်စိပ်လုပ်လာနေပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဒရုန်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တယ်လို့လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သြဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက် ရှမ်းပြည်ခရီးစဥ်မှာ နယ်မြေတွေသိမ်းပိုက်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မယ်လို့ ပြောကြားပြီးတဲ့နောက် စက်တင်ဘာလ ၅ ရက်ညက ရှမ်းပြည် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ နမ်းခမ်းမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၉ ဦးအပါအဝင် လူ ၂၅ ဦးသေဆုံးပြီး လူ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *