ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်း ယခင်ဩဂုတ်လကနေ အခုလအတွင်း စစ်ကောင်စီလေယာဉ်တွေဝဲပျံပြီး စောင့်ကြည့်တာမျိုးတွေ လုပ်နေတာကြောင့် လေကြောင်းနဲ့တိုက်ခိုက်ခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက “ ပလက်ဝမြို့အနီးအနားဝန်းကျင်တွေကို စစ်ကောင်စီလေကြောင်း ပျံဝဲတာမျိုးတွေ အရင်လကတည်းက ရှိနေတယ်လို့ သိရတယ် အခုက သူတို့ ( စစ်ကောင်စီ) က လက်လွှတ်ထားရတဲ့ နေရာတွေကို ညသန်းခေါင်ချိန်ကြီးတွေမှာလည်း ဗုံးကြဲတာတွေ အရပ်သားထိခိုက်သေဆုံးတာတွေ များလာသလို ကျွန်တော်တို့ ဒေသဘက်က လူတွေအတွက်လည်း စိုးရိမ်တယ် သူတို့လည်း စိုးရိမ်ကြတယ်” လို့ပြောပါတယ်။
ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ရက္ခိုင့်တပ်တော် (AA )က ဇန်နဝါရီလ ၁၄ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ပလက်ဝမြို့ကဒေသခံ အများစုဟာ လက်ရှိအချိန်အထိမြို့ကိုပြန်မလာသေးပဲ စစ်ဘေးရှောင်နေကြကြောင်းသိရပါတယ်။
စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာ ကို စက်တင်ဘာလ ၆ ရက်၊၇ ရက် မနက်စောပိုင်းမှာ ၂ ရက်ဆက်တိုက်လေကြောင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက် ရှမ်းပြည်ခရီးစဥ်မှာ နယ်မြေတွေသိမ်းပိုက်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မယ်လို့ ပြောကြားပြီးတဲ့နောက် စက်တင်ဘာလ ၅ ရက်ညက ရှမ်းပြည် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ နမ်းခမ်းမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၉ ဦးအပါအဝင် လူ ၂၅ ဦးသေဆုံးပြီး လူ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။