
ဇွန်လ ၂၄ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်မြို့ပေါ်မှာ စစ်ဘေးရှောင်နေတဲ့ မြန်မာစစ်ဘေးရှောင်လူငယ် (၂) ဦးဟာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားကာ ပြဿနာရှာလေ့ရှိတာကြောင့် မြန်မာနိုင်ငံကို ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးထား ပြန်ရမယ်လို့ မီဇိုးလူငယ်အသင်း (YMA) က အသိပေးထားတယ်လို့ သိရပါတယ်။
အဲဒီအမျိုးသား (၂) ဦးဟာ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ကနေ လာပြီးစစ်ဘေးရှောင်နေကြတဲ့ Lalhmachuana အသက် ၂၇ နှစ် နဲ့ Mangkarthanga အသက် ၂၀ နှစ် တို့ဖြစ်ကြတယ်လို့ မီဇိုရမ်သတင်းတွေမှာဖော်ပြချက်အရ သိရပါတယ်။
Lalhmachuana နဲ့ Mangkarthanga တို့ (၂) ဦးတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ ၊ တနင်္ဂနွေနေ့က အရက်သောက်ပြီး လက်နက်ကိရိယာတွေနဲ့ပါ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တာကြောင့် အခုလို မီဇိုရမ်ပြည်ထဲကနေ ထွက်သွားဖို့ YMA က အသိပေးတာလို့လည်း သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကလည်း ကျန်ဖိုင်မြို့၊နယူးကျန်ဖိုင်၊ Helipad ရပ်ကွက်မှာနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်အမျိုးသားတစ်ဦးဟာလည်း အရက်သောက် ရမ်းကားပြီး ပြဿနာရှာတာကြောင့် မြန်မာနိုင်ငံပြန်ဖို့ YMA က မောင်းထုတ်ခဲ့ပါတယ်။