

အစ္စရေး နဲ့ အီရန်အကြား အပစ်အခတ်ရပ်စဲပြီဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကာလအတွင်း ငြိမ်းချမ်းစွာ တစ်ဖက်နဲ့တစ်ဖက် လေးစားမှုဖြင့် နေထိုင်ရမှာဖြစ်ပြီး အပစ်အခတ်ရပ်စဲမှု စနစ်တကျအလုပ်ဖြစ်သွားပါက “၁၂ ရက်ကြာ စစ်ပွဲ” လို့ ခေါ်ဆိုရမယ့်အရာကို အဆုံးသတ်နိုင်တဲ့ ဇွဲ၊ သတ္တိနှင့် ဉာဏ်ပညာရှိသော နိုင်ငံနှစ်ခုလုံးဖြစ်တဲ့ အစ္စရေးနဲ့ အီရန်တို့ကို ကျွန်ုပ် ဂုဏ်ပြုလိုပါတယ် လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားကြောင်း ဇွန်လ ၂၄ ရက် ဒီကနေ့ မနက်မှာ အိမ်ဖြူတော်ကထုတ်ပြန်ပါတယ်။
အစ္စရေးနဲ့ အီရန်အကြား ၎င်းတို့၏ ဆက်လက်လုပ်ဆောင်နေတဲ့ နောက်ဆုံးမစ်ရှင်များကို ခြောက်နာရီအတွင်း လျှော့ချပြီးစီးတဲ့အခါ အပစ်အခတ်ရပ်စဲရေးကို ၁၂ နာရီကြာပြုလုပ်မည်ဖြစ်ပြီး ထိုအချိန်တွင် နှစ်ဖက်စစ်ပွဲပြီးဆုံးပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း နှစ်ဖက်နိုင်ငံစလုံးက လုံး၀သဘောတူညီခဲ့ပြီးဖြစ်တယ်လို့ အိမ်ဖြူတော်လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါတယ်။
တရားဝင်အားဖြင့် အီရန်ဖက်က အပစ်အခတ်ရပ်စဲမှုကို စတင်မည်ဖြစ်ပြီး ၁၂ နာရီအတွင်း အစ္စရေးဖက်ကလည်း အပစ်အခတ်ရပ်စဲမှု ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ အပစ်အခတ်ရပ်စဲမှု ၂၄ နာရီပြည့်သွားသည့်အခါတွင် ၁၂ ရက်ကြာစစ်ပွဲရဲ့ တရားဝင်အဆုံးသတ်ကို ကမ္ဘာက အလေးပြုဂုဏ်ပြုမှာဖြစ်တယ်လို့ ထရမ့်ရဲ့ ပြောကြားချက်ကို အိမ်ဖြူတော်ကထုတ်ပြန်ပါတယ်။
ထရမ့်က “ဤစစ်ပွဲသည် နှစ်ပေါင်းများစွာ ကြာရှည်နိုင်ပြီး အရှေ့အလယ်ပိုင်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့သော်လည်း ထိုသို့မဖြစ်ခဲ့ပါ၊ ဘယ်တော့မှလည်း ဖြစ်လာမည်မဟုတ်ပါ” လို့ပြောပါတယ်။
အမေရိကန်အခြေစိုက် အဖွဲ့အစည်း HRANA က ၂၀၂၅ ခုနှစ် ဇွန်လ ၂၂ ရက်နေ့အထိ သတင်းထုတ်ပြန်သည်မှာ အစ္စရေးနဲ့အီရန် နှစ်ဖက်စစ်ပွဲအတွင်း သေဆုံးသူ ၈၆၅ ဦးရှိပြီး၊ ၎င်းတို့အထဲတွင် စစ်ဘက်အဖွဲ့ဝင် ၂၁၅ ဦး၊ အရပ်သား ၃၆၃ ဦးနှင့် မည်သူမည်ဝါမသိရသေးသူ ၂၈၇ ဦး ပါဝင်ပြီး လူပေါင်း ၃,၃၉၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
ဒေသတွင်း သတင်းရင်းမြစ်များကလည်း နှစ်ဖက်တိုက်ခိုက်မှုများအတွင်း ဗိုလ်ချုပ်အဆင့် (senior commanders) အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။