Headlines

အစ္စရေး အကြောင်း နည်းနည်းပြောကြည့်မယ်။

By Kyaw Swa Min

အစ္စရေးနိုင်ငံ ကို ထူထောင်တဲ့ ဂျူးလူမျိုး တွေဟာ အလွန်ရှေးကျတဲ့လူမျိုးတမျိုး။ အရှေ့အလယ်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ် 3500 ကျော်ကတည်းက မြို့ပြနဲ့ အခြေချနေထိုင်ခဲ့ကြတယ်။ သူတို့မြို့တော်က ဂျေရုဆလင်။

ဘုရားသခင်ရှိတယ် ကမ္ဘာကြီးကို ဘုရားသခင်က ဖန်ဆင်းတယ် ဆိုတဲ့ ဘာသာတရားမျိုး ကို ပထမဆုံး စပြီး ကမ္ဘာကို မိတ်ဆက်ခဲ့တာ အစ္စရေးက ဂျူးတွေပဲ။ ဖန်ဆင်းရှင် တဦးတည်းထားပြီး ကိုးကွယ်တဲ့ဘာသာ မို့ monotheistic ဘာသာတွေ လို့ခေါ်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၅၀၀ လောက်က သူတို့က စပြီး God ဖန်ဆင်းရှင်အဖဘုရား ဆိုတဲ့ ကိုးကွယ်မှု စတယ်။ သူတို့ ဘာသာရေး ဆိုတာ စတည်ထောင်တဲ့အချိန် ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ မပေါ်သေးဘူး။ လက်ရှိကမ္ဘာအထိ ရှင်သန်နေဆဲ၊ လူအများကြီးကိုးကွယ်တဲ့ ဘာသာတရားတွေထဲမှာ ဟိန္ဒူ ဘာသာက ပထမဆုံးလို့ ဆိုနိုင်တယ်။ ဒုတိယက ဂျူးဘာသာပဲ။ ဟိန္ဒူကတော့ ဘုရားသခင်တွေမျိုးစုံရှိလို့ polytheistic လို့ခေါ်တယ်။ ဗုဒ္ဓဘာသာကျတော့ ဘုရားသခင်တယောက်သော်လည်းကောင်း၊ အများကြီးသော်လည်းကောင်း ရှိတာ မယုံလို့ Non-theistic လို့ခေါ်မယ်။

ဂျူးလူမျိုးတွေဟာ တနေ့နေ့ လူတွေကို ဖန်ဆင်းတဲ့ အဖဘုရားသခင် လူ့ပြည်ကြွလာမယ်လို့ ကျမ်းစာထဲမှာ ရေးထားတဲ့အတိုင်း ယုံကြတယ်။ ဂျူးဘာသာ နှစ် ၁၅၀၀ လောက်ကြာပြီးတဲ့နောက် ခရစ်သက္ကရာဇ် ၁ ခုနှစ်ပါတ်ဝန်းကျင်လောက် မှာ ယေရှုခရစ်ဆိုတဲ့ ဂျူးတယောက် ဂျေရုဆလင်မှာ မွေး လာတယ်။ သူက ကျမ်းစာထဲမှာ ရေးထားတဲ့အတိုင်း ဘုရားသခင်က လွှတ်လိုက်တာ သူပဲ၊ သူဟာ ဘုရားသခင်၊ သူဟာ ဘုရားကိုယ်ပွါး စသည်ဖြင့် ဂျူးတွေကို စည်းရုံးတယ်။ ဂျူးတွေက မယုံဘူး၊ မင်းသာမာန်လူပါ၊ ဘုရားသခင်မဟုတ်ဘူး လို့ ငြင်းတယ်။ အဲ့ဒီအချိန်မှာ ဂျေရုဆလင် ကို ရောမသားတွေက သိမ်းထားတာ။ ယေရှုခရစ်ဟာ သူ့ကိုယ်သူ ဘုရားလို့ မတန်မရာပြောတယ်ဆိုပြီး မယုံတဲ့ဂျူးတွေနဲ့ ယုံတဲ့ဂျူးတွေ ပြဿနာတက်နေချိန် ဂျေရုဆလင်ကို အုပ်ချုပ်နေတဲ့ ရောမသား ပွန်းတိယပ်စ် ပလိတ် က ယေရှုကို ဂျေရုဆလင်မြို့ရဲ့ အနောက်မြို့ရိုးမှာ ကားစင်တင်လိုက်တယ်။ သူအုပ်ချုပ်တဲ့ မြို့ငြိမ်အောင်လုပ်တာလား မသိဘူး။ အဲ… အဲ့ဒီမှာ ဂျူးဘာသာ နဲ့ ခရစ်ယာန် ဆိုတဲ့ ၂ ဘာသာ ကွဲထွက်သွားတာပဲ။ ဂျူးတွေ က ကျမ်းစာအုပ်အဟောင်းအတိုင်း ဆက်ကိုးကွယ်တယ်၊ ခရစ်ယာန်တွေက ကျမ်းစာအုပ်အဟောင်းကော၊ ယေရှုခရစ်မိန့်ခဲ့တာတွေ၊ သမိုင်းဖြစ်စဉ်တွေ သူ့နောက်လိုက်တွေပြောခဲ့တာတွေပေါင်းပြီး အခု bible သမ္မာကျမ်းစာ ကို ဆက် သယ်ယူတယ်။ အဲ့ဒီကစပြီး ဂျေရုဆလင်ဟာ ပြဿနာဖြစ်လာတယ်။ ရောမသားတွေရဲ့ နတ်ဘုရားမျိုးစုံ၊ ဂျူးတွေရဲ့ ကျမ်းစာအုပ်၊ ခရစ်ယာန်တွေရဲ့ ကျမ်းစာ၊ လူမျိုးရောထွေးမှု၊ ဘာသာတရားတွေ ရောပြွမ်းမှုတွေ ဖြစ်လာတယ်။ ဂျေရုဆလင်ဟာ ဂျူးတွေ အာရပ်တွေ နေကြတဲ့ ကုန်သွယ်မြို့ကြီး၊ လူမျိုးစုံလာကြတယ်။ ဂျူးတွေကတော့အများစု လို့ ဆိုမှာပေါ့။ ဘာသာတရား တခုထဲရှိတုန်းကတော့အေးချမ်းမှာပေါ့၊ နောက်များလာတော့ ပြဿနာတက်လာတယ်။

ယေရှုခရစ်အသတ်ခံရပြီး နောင် နှစ် ၅၀၀ ကျော်လောက်မှာ အခု ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ တမာန်တော် မိုဟာမက် မွေးတယ်။ မက္ကာဟာ ဂျေရုဆလင်နဲ့ ဆို မိုင် ၈၀၀ ကျော်ဝေးတာပေါ့။ မိုဟာမက်ကလည်း သူဟာ ဂျူးတွေကိုးကွယ်တဲ့ ကျမ်းစာအုပ်ထဲက ဘုရားသခင် God က လွှတ်လိုက်တဲ့ တမာန်တော် လို့ ပြောပြန်တယ်။ အာရပ်တွေက ယုံကြည်ကြတယ်။ ဂျူး က ယေရှုခရစ်လိုပဲ မယုံပြန်ဘူး၊ ပြဿနာတက်ကြပြန်တယ်။ ခရစ်ယာန်ကိုးကွယ်သူတွေကလည်း ခရစ်တော်သာ ဘုရားသားတော်၊ဘုရားကိုယ်ပွါးဖြစ်ပြီးသားမို့ မိုဟာမက်ကို မယုံဘူး။ ဒါနဲ့ ဘုရားသခင်တဆူထဲကနေ ကမ္ဘာ့ဘာသာကြီးသုံးခု ကွဲထွက်သွားတယ်။ လူဆိုတာ ကိုးကွယ်ရာရှာတာကိုး။ ယေရှုလည်းမယုံ၊ မိုဟာမက်လည်းမယုံတဲ့ ဂျူးတွေဟာ တခြားဘာသာဝင်တွေ နဲ့ ပြဿနာဖြစ်လာတယ်။ အဲ့ဒီမှာ ဂျူးတွေ လူနည်းစုဆိုတော့ တဖြည်းဖြည်း အရေး နိမ့်လာတယ်။ အာဒန်၊ ဧဝ အီဗရာဟင်က စတဲ့ ဘာသာတရား… သူတို့ရေးခဲ့တဲ့ဘာသာတရားကပဲ သူတို့ အဲ့ဒီမြို့ကနေ ပြေးရတဲ့ အခြေအနေဖြစ်လာတယ်။

ဂျူးတွေဟာ သိပ်ဥာဏ်ကောင်းတယ်၊ အိုင်းစတိုင်းဟာ ဂျူးပဲ၊ သင်္ချာသိပ်တော်တယ်။ သိပ္ပံ နဲ့ စီးပွါးရေး တော်တယ်။ ကမ္ဘာ့စီးပွါးရေး ဟာ သူတို့လက်ထဲမှာ ရှိနေတယ်၊ အခု Facebook ထွင်တဲ့ ဇူဇူ ဟာ ဂျူးပဲ၊ google ထွင်တဲ့ Larry Page ဟာ ဂျူး၊ CNN ဟာဂျူး၊ Dell ကွန်ပြူတာပိုင်ရှင်ဟာ ဂျူး၊ Bloomberg ဟာ ဂျူး၊ what’sApp ပိုင်ရှင်လည်း ဂျူး၊ ကမ္ဘာ့မီဓီယာသးဌေးကြီး ရူးပတ်မာ့ဒေါ့ခ် အမေကလည်း ဂျူး၊ ဒါရိုက်တာ စတိဗင် စပီးဖတ် ကလည်းဂျူးပဲ၊ ကမ္ဘာမှာ စိန်လောက ကို စီးထားတာဂျူး၊ မီဒီယာ၊ ရုပ်ရှင်၊သတင်းလောက၊ ဘဏ်လောက ကို စီးထားတာဂျူးတွေပဲ။ စတော့ချ်စျေးကွက်ကို ထွင်တာ၊ ဘဏ်လုပ်ငန်းကိုထွင်တာ ဂျူးတွေပဲ။ ဘာသာတရားတောင်စတွေ့ခဲ့တဲ့လူမျိုး…. ကျန်တာတော့အေးဆေးနေမှာပေါ့။

တခြားဘာသာတွေ တဖက်နဲ့တဖက် ခုတ်ထစ်ကြတဲ့အချိန် လူအင်အားနည်း၊ သွေးရောမခံတဲ့ ဂျူးတွေဟာ ရေကြည်ရာ မြက်နုရာ ကမ္ဘာပတ်ကုန်ကြတယ်။ ရောက်လေရာ နိုင်ငံအသီးသီးမှာ စေးကပ်၊ ခြစ်ကုတ်ပြီး အောင်မြင်အောင် စီးပွါးရှာတော်လွန်းလို့ ရောက်တဲ့နိုင်ငံတိုင်းက လူတွေ မျက်စောင်းထိုးခံရတဲ့သူတွေဖြစ်လာတယ်။

အစ္စရေးအကြောင်း ဆက်ရေးရရင် အစ္စရေးနိုင်ငံထူထောင်တဲ့ ဂျူးလူမျိုးတချို့ဟာ လက်ရှိ အစ္စရေးနိုင်ငံ ဂျေရုဆလင်ကနေ BC ၆ ရာစုမှာသူတို့ရဲ့ဘုရားကျောင်းကို ဘေဘီလုံက တပ်တွေ က ဖျက်ဆီးလိုက်ကြလို့ ရေကြည်ရာမြက်နုရာ ပထမတကြိမ် ပြောင်းရွှေ့ကြတယ်။ ဒုတိယတကြိမ် ခရစ်နှစ် ၁ ရာစုလောက် မှာ ရောမသားတွေက သူတို့ ဒုတိယဘုရားကျောင်းကို ဖျက်ဆီးလိုက်ကြတယ်။ ဂျူးတွေကို ကျွန်အဖြစ် ဖမ်းသွားကြတယ်၊ မြို့အနေနဲ့ကြည့်ရင် ဂျူးတွေ ထောင်သောင်းချီ အသတ်ခံရတယ်။ အဲ့ဒီမှာ လူနည်းစုဖြစ်တာတကြောင်း၊ ပဋိပက္ခတွေနဲ့ နေမရတာ တကြောင်း ကြောင့် ဂျူးအများစုဟာ ဂျေရုဆလင်ကို စွန့်ကြတယ်။ အဲ့လို စွန့်ပြေးကြတဲ့ဂျူးတွေရဲ့သမိုင်းကို Jewish diaspora လို့ခေါ်ကြတယ်။

ရောမတွေဝင်ရောက်ခဲ့တဲ့ တစ်ရာစုနှစ်ကနေစပြီး နောင် နှစ် ၂၀၀၀ သမိုင်းတလျောက် ဂျူးတချို့ဘဲ ဂျေရုဆလင်မှာ လူနည်းစုအဖြစ် ဆက်ကျန်နေခဲ့တယ်။ အများစုက ဂျေရုဆလင်ကို စွန့်သွားပြီ။ စွန့်ပြေးတဲ့ ဂျူးတွေဟာ သူတို့ ဘာသာရေးယုံကြည်ချက်ကြောင့် ဘုရားသခင် ပြန်ကြွလာမယ့် ဂျေရုဆလင်ကို ဘယ်နေရာရောက်ရောက် အထွဋ်အမြတ် ထားကြတယ်။ ဇာတိဘူမိနက်သန်ကို အခွင့်ရရင် ရသလို ဘုရားဖူး ပြန်လာလေ့ရှိတယ်။အစ္စလာမ်တွေ ရှိခိုးရင် မက္ကာဘက် လှည့်ရှိခိုးသလို ဂျူးတွေ ရှိခိုးရင် ဘယ်နေရာရောက်ရောက် ဂျေရုဆလင်ဘက် လှည့် ရှိခိုးကြတယ်။

ဂျူးတွေဟာ တချို့ အီရန်၊ တူရကီ နဲ့ အာရှတိုက်ရောက်သူရောက်၊ အရှေ့ဥရောပ၊ အနောက်ဥရောပရောက်သူရောက်ပေါ့။ လွန်ခဲ့တဲ့ နှစ်၂၀၀၀ လောက်က တည်းက ဂျူးတွေ ဟိုရောက်ဒီရောက် သွားကြရင်း သူတို့ရဲ့ လက်မှု သိပ္ပံဝိဇ္ဇာပညာတွေဟာ အာရှ၊ ဥရောပ နယ်အနှံ့ ပြန့်နှံ့ကုန်တယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် လက်ခံသူတွေလည်းရှိတယ်၊ မနှစ်သက်သူတွေလည်း ရှိတယ်။ ဘယ်နေရာရောက်ရောက် ဂျူးတွေဟာ သူတို့ယဉ်ကျေးမှုကို အတော်အလေးထားတယ်၊ သွေးရောမခံဘူး။ ဒီလိုလှည့်ပတ်သွားနေသူတွေ နှစ် နှစ်ထောင် လောက် သူ့ယဉ်ကျေးမှုမပျက်အောင် နေနိုင်တာ အတော်မာကျောထူးဆန်းတဲ့ စိတ်ဓါတ်ပဲ။ သူတို့ကဘယ်ရောက်ရောက် သူ့ လူအုပ်နဲ့သူနေတယ်၊ ရပ်ကွက်ထောင်တယ်ပေါ့၊ သူတို့ဘုရားကျောင်း သူတို့ဆောက်တယ်၊ ဒေသခံတွေနဲ့ စီးပွါးလုပ်တယ်၊ ဂျူးတဦးနဲ့တဦး ချမ်းသာအောင် ဖေးမကူညီတယ်။ ရှေးခေတ်က အဲ့လိုလှည့်တဲ့မျိုးနွယ် လူမျိုးတော်တော်များများက ဒေသခံတွေနဲ့ သွေးရောတာနည်းတယ်။ ဂေါတမဗုဒ္ဓရဲ့ သကျမျိုးတွေလည်း သွေးလုံးဝ အရောမခံခဲ့ဘူး။

ဂျူးတွေ ပြန့်နှံ့နေတာ အာရှတိုက်၊ ဥရောပတခုလုံးပဲ။ ဗြိတိသျှ ကိုလိုနီခေတ် မြန်မာပြည်မှာတောင် လူ ၅၀၀၀ လောက်နေခဲ့ကြတယ်။ မြန်မာပြည်မှာ တခုတည်းသော ဂျူးဘုရားကျောင်း ရန်ကုန်မှာရှိတယ်။

သမိုင်းကိုအတိုချုပ်ရရင် ဂျူးတွေဟာ ၁၈ ရာစု နောက်ပိုင်း မှာ အရှေ့ဥရောပဖက် တော်တော်များလာတယ်။ ရောက်တဲ့နေရာတိုင်း နိုင်ငံရေး၊ စီးပွါးရေး အရေးပါတဲ့နေရာ ရယူတတ်တယ်။ နယ်လှည့်ဂျူးတွေဟာ အစပိုင်းမှာ အစ္စလာမ်နဲ့ သိပ်ပြဿနာမရှိဘူး၊ ပထမ၊ ဒုတိယ ကမ္ဘာစစ်တွေပြီးမှ ပြဿနာ ကြီးလာတာ။

ဂျူးအများစု စွန့်သွားတဲ့ ဂျေရုဆလင်ဟာ ၁၃ ရာစုနောက်ပိုင်း ၂၀ ရာစုအထိ နှစ် ၇၀၀ ကျော် ခရစ်ယာန်၊ မွန်ဂို၊ နဲ့ ဆူလတန်တွေအောက်ကနေ နောက်ဆုံး အော်တိုမင်အင်ပါယာလို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းက လူမျိုးစုအင်ပါယာကြီး ရဲ့ အုပ်ချုပ်မှုအောက် ရောက်လာတယ်။ အစ္စလာမ်အများစုပေါ့၊ ဆွန်နီမူစလင်တွေအများစုပါတဲ့ အဲ့ဒီအင်ပါယာကြီးထဲမှာ ဂျေရုဆလင်က နည်းနည်းကျန်နေတဲ့ ဒေသခံ ဂျူးတွေရော ဒေသခံ ခရစ်ယာန်တွေကော အော်တိုမင်အင်ပါယာအောက် လူမျိုးစုံ ဘာသာစုံနေကြတယ်။

ဖြစ်ချင်တော့ ၁၉၁၄-၁၉၁၈ ပထမကမ္ဘာစစ်မှာ အော်တိုမင်တွေက စစ်ရေးမှာ ဂျာမန်တွေဖက်က အားပေးတယ်။ ဝင်တိုက်တယ်။ ပထမကမ္ဘာစစ်မှာ ဂျာမဏီနောက်က လိုက်မိပြီး အော်တိုမင် ပြိုကွဲသွားတော့ တူရကီ၊ အီရတ်၊ ဆီးရီးယား၊ ဂျော်ဒန်၊ လက်ဘနွန် အီရန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ယီမန် စတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံသစ်တွေ ပေါ်လာရော။

ဂျာမဏီနဲ့ အော်တိုမင်အငိပါယာကို တိုက်ခဲ့တဲ့ ဗြိတိသျှက အော်တိုမင်အင်ပါယာအဟောင်းထဲ သူတို့ကို ထောက်ခံတဲ့ ဥရောပက ဂျူးတွေထည့်ပြီး သွေးခွဲထားချင်ပုံရတယ်။ ပထမကမ္ဘာစစ်မပြီးခင် ၁၉၁၇ မှာ ဗြိတိသျှက ကမ္ဘာအရပ်ရပ်က ဂျူးတွေ သူတို့ကျမ်းစာထဲပါတဲ့ အထွဋ်အမြတ်နေရာ ဂျေရုဆလင်ပြန်ချင်ရင် ပြန်ကြစေ လို့အခွင့်ပေးတယ်။ Balfour declaration လို့ခေါ်တယ်။ အဲ့ဒီတုန်းက ဂျေရုဆလင်က ဗြိတိသျှ အောက်ရောက်နေပြီကိုး။ ဗြိတိသျှ က စစ်နိုင်ချင်တော့ ကမ္ဘာ့နိုင်ငံ အသီးသီမှာအခြေချနေတဲ့ ဂျူးတွေသူ့ဖက်ပါအောင်စည်းရုံးတဲ့ စိတ်ဓါတ်စစ်ဆင်ရေးပေါ့။

Balfour declaration ကြောင့် အရပ်ရပ်က ဂျူးတွေ ပါလက်စတိုင်းနယ် ဂျေရုဆလင်ကို ပြန်ဝင်လာတာ ဒေသခံ ပါလက်စတိုင်းသားတွေက မနှစ်သက်ကြဘူး။ သူတို့အော်တိုမင်အင်ပါယာဟောင်း ရဲ့ ရန်ဖက်ဗြိတိသျှ က ဂျူးတွေကို ဦးဆောင်ပြီးပါလက်စတိုင်းနယ်ထဲ ခေါ်သွင်းလာတာကို မခံစားနိုင်ဘူး။ နိုင်ငံရေးပြဿနာပေါ့။ သူ့ဘာသူပြန်လာရင် ပြဿနာမရှိဘူး။ ပြန်လာတဲ့ဂျူးလူမျိုးတွေဟာ နိုင်ငံရေးကစားကွက်ထဲ ကျသွားတယ်။ အောင့်သက်သက်လက်ခံရတယ်။ ဒါက ပထမကမ္ဘာစစ်အကြောင်းပြောတာ။

ပထမကမ္ဘာစစ်ပြီးတော့ စစ်ရှုံး ဂျာမဏီဟာ အတော်မွဲသွားတယ်။ နောက်ဟစ်တလာ တက်လာတယ်။ သူ့နိုင်ငံထဲနှစ်ပေါင်းရာချီရောက်နေပြီးတဲ့ ဂျူးတွေကို ငါတို့ ဂုတ်သွေးစုတ်တဲ့ လူမျိုးခြားတွေလို့ စွတ်စွဲတယ်။ နိုင်ငံမွဲရင် ဘာသာရေးက စပြီး လူတွေကို သိပ်သွေးခွဲလို့ ကောင်းတယ်။ ပထမကမ္ဘာစစ်ရှုံးကတည်းက သူ့ရန်သူ ဗြိတိသျှက ဂျူးတွေအပေါ် စီမံခန့်ခွဲတာ နေရာတွေပေးခဲ့တာလည်း ဂျာမဏီက ကြိုက်ပုံ မရဘူး။

ပထမကမ္ဘာစစ်ရှုံးပြီးအခဲမကျေတဲ့ ဂျာမန်တွေက ဟစ်တလာကို ထောက်ခံတယ်။ စစ်ကြောင့်ဆင်းရဲတာ အသာထား၊ ဘာသာရေး၊ လုမျိုးရေးနဲ့ လူနည်းစု ကို ဟစ်တလာက လှည့်တိုက်ပြီး အာဏာယူတယ်။ စစ်ရှုံးပေမယ့် ငါတို့ဟာ နှယ်နှယ်ရရမဟုတ်ဘူး၊ ဟစ်တလာက ငါတို့ဟာ အာရိယာန်မျိုးနွယ်တွေလို့ မျိုးချစ်စိတ်ဓါတ်ပြင်းထန်လာအောင် ဂျာမန်တွေကို မြှောက်ပေးတယ်။ ဂျာမန်တနိုင်ငံလုံး ဟစ်တလာနောက် ပါသွားတယ်။ နောက်ဂျာမဏီက စစ်ရေးပြင်ဆင်ပြီး ပိုလန်၊ ဩစတြီးလျ၊ ချက်၊ ဒိန်းမတ်၊ နော်ဝေး၊ ဂရိ၊ ယူဂိုဆလပ်၊ အီတလီ၊ ဟန်ဂေရီစတဲ့ ဥရောပနိုင်ငံတွေ တက်သိမ်းပြီး အဲ့ဒီနိုင်ငံအသီးသီးမှာ နေနေကြတဲ့ ဂျူးတွေကို အကုန်သတ်တယ်။ holocaust ဖြစ်စဉ်လို့ ကမ္ဘာမှာ မှတ်တမ်းတင်တယ်။ လူမျိုးတုံးသတ်ဖြတ်မှုပေါ့။

ဒုတိယကမ္ဘာစစ် (1939-1945) ပထမပိုင်းမှာ ကမ္ဘာကြီးက ဂျာမန်တွေကို စစ်ရေးအရသာ စောင့်ကြည့်နေခဲ့ကြတယ်။ ဂျူးလူမျိုးတွေနဲ့ ဂျာမန်တွေကို ဟစ်တလာက သွေးခွဲတာလည်း ဘာမှ သိပ်မပြောခဲ့ဘူး။ ဂျူးတွေက နိုင်ငံမဲ့တွေဆိုတော့ လူနည်းစုကိုး။ တကမ္ဘာလုံးမှာ ဂျူးက ၁၆ သန်းကျော်ကျော်ပဲရှိတယ်။ ဂျူးတွေ နာဇီဂျာမဏီ ကသတ်ပစ်တာ ၆ သန်းလောက် သေကုန်တယ်။ လူမျိုးတမျိုးရဲ့ ၃၇% ကျော် နာဇီတွေက သတ်ပစ်တာဘဲ။ ဂျူးတွေ သေရတာလည်းကမ္ဘာက ဆိတ်ဆိတ်နေခဲ့တယ်။ နောက်မှ ဂျာမဏီက စစ်သွေးကြွလာပြီး အရှေ့ဥရောပအကုန်သိမ်းရာကနေ ပြင်သစ်၊ အင်္ဂလန်အထိ စစ်ပြင်လာတော့ မဟာမိတ်ဖွဲ့ပြီး ဂျာမဏီကို ပြန်တိုက်ကြတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်လာရော။ အဲ့ဒီအချိန်ကျမှ နာဇီဂျာမဏီရဲ့ ဂျူးအပေါ်ရက်စက်တာတွေ မဟာမိတ်တွေကဖွင့်ချတယ်။ဂျူးတွေကို လွတ်ရာ ကယ်ပေးကြရတယ်။ ဂျူးတွေက သွေးပျက်လောက်အောင် အသတ်ခံခဲ့ရတော့ အများစုဟာ အရှေ့အနောက် ဥရောပကနေ ဂျာမန်တွေနဲ့ လွတ်တဲ့ ဗြိတိသျှ၊ အမေရိကန်၊ ရုရှ. ဩစတေးလျှ၊ နယူးဇီလန်၊ ကနေဒါ၊ အာဂျင်တီးနား၊ ဘရာဇီး နဲ့ တချို့နဲ့ ဗြိတိသျှ လက်အောက်ခံ ပါလက်စတိုင်းနယ် ဖြစ်နေတဲ့ ဂျေရုဆလင် ကို ပြေးကုန်ကြရော။ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်တွေသာ စစ်နိုင်သွားရင် ဂျူးတွေ ကျန်တောင်ကျန်ပါတော့မလား မသိဘူး။

စစ်ကြောင့် ကမ္ဘာအရပ်ရပ် ပြေးကြတဲ့ ဂျူးတွေကို မဟာမိတ်တွေက လိုက်စုပြီး UN ကတဆင့် ကဲ တကွဲကွဲ တပြားပြား ဟိုလူသတ် ဒီလူသတ်ခံရတာထက်စာရင် အားလုံးစုစုရုံးရုံးနေကြဖို့ နယ်မြေတခုရှာတဲ့အခါ သူတို့အထွဋ်အမြတ်ထားတဲ့ မူလ ဂျေရုဆလင် ပါလက်စတိုင်းဒေသမှာ ဂျူး နဲ့ အာရပ် တွေကိုနယ်မြေတွေခွဲပြီး သီးခြားအုပ်ချုပ်မှုတွေနဲ့ နေကြဖို့ UN က စီစဉ်တယ်။ စစ်နိုင် မဟာမိတ် ဗြိတိသျှ အမေရိကန် က အကောင်အထည်ဖေါ်ပေးရတယ်။

ဒီနေရာမှာ ပါလက်စတိုင်း ဆိုတာဘာလဲ ကြည့်ရအောင်။ ပါလက်စတိုင်းဆိုတာ လူမျိုးကိုပြောတာမဟုတ်ဘူး၊ နေရာကိုပြောတာ။ ပါလက်စတိုင်းသားတိုင်း အစ္စလာမ်တွေ မဟုတ်ဘူး၊ နှစ် ၃၅၀၀ ကျော် လူသားတွေ ဘာသာစုံနေထိုင်ခဲ့တဲ့ ဂျူးဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ အရေးပါတဲ့ နေရာကြီး။ ဗုဒ္ဓဘာသာအတွက်ဗုဒ္ဓဂါယ လိုပဲ၊ ပါလက်စတိုင်းသားတွေဆိုတာ အာရပ်တွေ၊ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ ဂရိတွေ၊ ရောမသားတွေ စုနေတဲ့ ဒေသကြီး၊ west bank တို့ အခုပြဿနာတက်နေတဲ့ ဂါဇာတို့၊ ဂျော်ဒန်၊ အစ္စရေး ပါနေတဲ့ ဒေသကြီး။ မြန်မာလိုဆိုရင်တော့ မြန်မာ့ အလယ်ပိုင်းကို အညာကိုခေါ်သလို Middle East တနေရာကို ပါလက်စတိုင်းဒေသ လို့ ခေါ်ကြတယ်။

ဒုတိယကမ္ဘာစစ်အပြီး ပါလက်စတိုင်းဒေသမှာ ဘာသာစုံ လူဦးရေ တသန်းကျော်ပဲရှိတယ်။ အများစုကတော့ အစ္စလာမ်တွေ။ ဂျူးက သုံးသိန်းလောက်ရှိခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျူးတွေ အများကြီး ပြောင်းဝင်လာရာကနေ ၁၉၄၇ လောက်မှာ လူဦးရေ ၁.၉ သန်းလောက်ဖြစ်လာတယ်။

ပါလက်စတိုင်းဒေသဟာ မြန်မာနိုင်ငံရဲ့ ဧရိယာနဲ့ တွက်ရင် အဆ ၂၆ ဆငယ်တယ်။ မြန်မာနိုင်ငံရဲ့ ခရိုင်တခုစာလေး ကျယ်တာ။ ၁၉၄၇ တုန်းက ဂျူးက ၆ သိန်းကျော်။ လက်ရှိ ဂျူးက ပါလက်စတိုင်းမှာ ၇ သန်းကျော်နေပြီ။ အဲ့ဒီမှာ ဂျူး ၇ သန်းကျော် နဲ့ အာရပ် ၂ သန်းကျော် စစ်မီးလောင်နေတာ စဉ်းစားကြည့်ပေါ့။ ရန်ကုန်တိုင်းထဲက လူတွေ တယောက်နဲ့တယောက် ထချနေသလို ဖြစ်နေကြတာ။

မြှောက်ထိုးပင့်ကော်တွေက ဟိုဖက်ဒီဖက် တကမ္ဘာလုံး၊ ဘာသာစုံ ပါနေတယ်။ ဒါကြောင့် အဲ့ဒီဒေသဟာ ကမ္ဘာ့ဘာသာကြီးတွေ ပေါက်ဖွားတဲ့နေရာဖြစ်သလို ကမ္ဘာစစ်မီးသစ်မွှေးတဲ့နေရာဖြစ်မှာ တထိတ်ထိတ်ဖြစ်နေရတာ။ ဘာသာစုံတယ်လေ။ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူး အကုန်စုံကျနေတဲ့နေရာ။

အစ္စရေးအကြောင်းကို ဆက်ပြောကြည့်မယ်နော်၊ ၁၉၄၇ မှာ ဂျူးတွေကို ဂျေရုဆလင်မှာ ချပေးတုန်းက မူလပါလက်စတိုင်းသားတွေနဲ့ နယ်မြေခွဲ အတူတူနေကြလေသတည်း လို့ ကုလသမဂ္ဂ က လုပ်ချင်တာ။ အာရပ်နေရာ အာရပ်အုပ်ချုပ်၊ ဂျူးနေရာဂျူးနေကြ၊ ဂျေရုဆလင်ကဘုံပိုင်၊ ကွန်ဖက်ဒရေးရှင်းလိုလိုပေါ့။

ဂျေရုဆလင်ကို ဂျူးမြို့တော်အဖြစ်ထားပြီး နိုင်ငံသစ် ထူထောင်ကြမယ်ဆိုတဲ့ ဇီယွန်နစ်ဝါဒ ဟာ ဂျူးလူမျိုးတွေရဲ့ ဆန္ဒအဖြစ် ၁၈၉၇ လောက်ကတည်းက ရှိခဲ့တယ်။ဂျူးတွေရဲ့အကြံအစည်က ကမ္ဘာအရပ်ရပ်က ဂျူးလူမျိုးတွေ ပိုက်ဆံစု၊ ဂျေရုဆလင်တဝိုက်က မြေတွေကို အာရပ်တွေဆီကဝယ်။ ပြီးရင် အကုန်ပြောင်းပြီးနိုင်ငံထူထောင်ဖို့ ကြံစည်တာမျိုးပေါ့၊ မြေတွေကို ၁၉၀၀ လောက်ကတည်းက စလည်း ဝယ်နေကြပြီ။ မြေလုတာမျိုး၊ အတင်းအဓမ္မလုပ်တာမျိုး မဟုတ်ဘူး။ ဂျူးတွေရဲ့ အကြံအစည်ကိုမသိတဲ့ အာရပ်တွေကလည်း ရောင်းကြတာပဲ။

အဲ့လိုကြံစည်ကြိုးစားနေကြတုန်း ဒုတိယကမ္ဘာစစ်မှာ သူတိုလူမျိုး ၃၇% အသတ်ခံလိုက်ရတဲ့ ဂျူးတွေဟာ အတော်တုန်လှုပ်သွားကြတယ်။ နိုင်ငံတခု ထူထောင်ချင်တဲ့ ဆန္ဒပိုပြင်းပြလာတယ်။ ပထမကမ္ဘာစစ်အပြီး အော်တိုမင်အင်ပါယာပျက်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံသစ်တွေ ပေါ်လာတော့ ဂျူးတွေလည်း သူတို့လည်း အရှေ့အလယ်ပိုင်းသမိုင်းကိုမွေးဖွားပေးတဲ့လူမျိုးမို့ အရှေ့အလယ်ပိုင်းမှာ သူ့နိုင်ငံသူ ထူထောင်ချင်လာတာကလည်း ဇီယွန်နစ်ဝါဒကို မီးရှို့တောက်လောင်စေတယ်။

အယင်ကဂျူးတွေဟာ သမိုင်းတလျှောက် စစ်သွေးအကြီးအကျယ်ကြွတဲ့ သမိုင်းသိပ်မတွေ့ရဘူး။ လူနည်းတာလည်း ပါမှာပေါ့။ ငါတို့နိုင်ငံမရှိလို့ မဖြစ်ဘူး။ ငါတို့ စုစည်းမှ ဖြစ်မယ်၊ ရန်သူဝိုင်းနေပြီလို့ တွေးကြတဲ့ ဂျူးတွေဟာ ၁၉၄၆ နောက်ပိုင်း ရုတ်တရက် ချက်ခြင်းဆိုသလို ခံချဖို့၊ ဦးအောင်ချဖို့ ၊နိုင်ငံတည်ထောင်ဖို့ စတဲ့ အမျိုးသားရေးစိတ်ဓါတ် သိပ်ပြင်းထန်လာကြတယ်။ ကြောက်စရာကောင်းအောင် စည်းလုံးလာကြတယ်။ ဘယ်လောက်စည်းရုံးလာသလဲဆိုရင် ကမ္ဘာစစ်အပြီး မြန်မာပြည်က ဂျူးလူမျိုး လေးငါးထောင်လည်း အစ္စရေးကိုအများစု ပြောင်းကုန်ကြလို့ မိသားစု လေးငါးစု နဲ့ ဘုရားကျောင်းတခု ရန်ကုန်မှာ ကြွင်းကျန်ရစ်တယ်။ စုနေကြတဲ့အလေ့ ဖြစ်လာတယ်။

ဂျူးလူမျိုးတိုင်း မှာ ကမ္ဘာစစ်ကာလအသတ်ခံရတဆွေမျိုးသားချင်း၊ မိသားစုတွေရှိကြသလို ဆုံးရှုံးရတဲ့ အနာရှိသွားတယ်။ လူမျိုးတမျိုးဟာ နာသွားရင် ကျားနာခဲ ခဲသလို သိပ်ကြောက်စရာ ကောင်းတယ်။ တဖက်နဲ့တဖက် ဘာသာကွဲနေကြရင် ပိုဆိုးရော။ ညှိရသိပ်ခက်တယ်။ မြန်မာလို လူမျိုးစုံတဲ့နိုင်ငံဟာလည်း သင်ခန်းစာယူမှ ဖြစ်မယ်။ ကွဲသွားရင် ရာသက်ပန်ရန်သူ ဖြစ်သွားကြရော။

ပြဿနာက ဂျူးအများစုဟာ နှစ်ထောင်ချီ ပါလက်စတိုင်းဒေသ ဂျေရုဆလင်ကို စွန့်သွားပြီး ပြန်ရောက်လာကြတာ။ လက်ရှိနေတဲ့ ပါလက်စတိုင်းသားတွေကလည်း ဒီလောက်ကြာနေမှတော့ မင်းတို့ မြေမဟုတ်တော့ဘူး လို့ အသစ်ဝင်လာတဲ့ ဂျူးတွေကို ပြောလည်း ပြောလို့ ရနေပြန်ရော။ အဲ့ဒီမှာ ပြဿနာစကုန်တာပဲ။

ဒီနေရာမှာ ဘာသာတရား နည်းနည်းထည့်ပြောမယ်။ ဘာသာရေးကျမ်းတွေရဲ့ ဗျာဒိတ်မှာ ယေရှုခရစ်က တနေ့နေ့ နောက်တဖန်ပြန်ကြွလာဦးမှာ၊ ဂျူးတွေရဲ့ ဘုရားသခင် God ကလည်း “မာဆားယ” ကယ်တင်ရှင်ကလည်း လူ့ပြည်ကို နောင်ကျရင် ပြန်ကြွလာဦးမှာ။ ဘယ်နေ့လည်းမသိပေမယ့် သူတို့ ပြန်ကြွလာရင် ဂျေရုဆလင်ကိုဘဲ ပြန်ကြွကြမှာ၊ ဘုရားသားတော် ယေရှုခရစ်ဝင်စားတဲ့ ဣသရေလ လူမျိုး ( ဂျူးလူမျိုး) တွေဟာ ဘုရားတွေ ပြန်ကြွလာချိန်မှာ ဂျေရုဆလင်မှာ ရှိနေမှကို ဖြစ်မှာ။ ဒါခရစ်ယာန် နဲ့ ဂျူးဘာသာ ရဲ့ အယူအဆ၊ ဒီတော့ ဂျူးတွေပြန်လာတာ ကောင်းတယ်။ ဘုရားပြန်ကြွဖို့ ဘုရားသခင်က ပြင်ဆင်ပေးတာ။ အဲ… အဲ့ဒါ သူတို့ဘာသာနှစ်ခုရဲ့ ဘာသာရေးအယူအဆ။

တော်သေးတာပေါ့ … တချို့ မူစလင် ယုံကြည်ချက်ထဲမှာတော့ ဘုရားစေလွှတ်သူလည်း ပြန်လာမယ်၊ဂျေရုဆလင် မဟုတ်လို့တော်သေး။ ဒမားစကတ်လားမသိဘူး၊ ဂျေရုဆလင်သာ သုံးပါးလုံးပြန်ကြွလာမယ် ဆိုရင် ဘာသာကြီးတွေ ဂျေရုဆလင်မှာ ဖျာဦးတာနဲ့ ကမ္ဘာအစောကြီးကတည်းက ပျက်မှာ။

ဗုဒ္ဓဘာသာမှာ ကတုံးရှုပ်ရင်ရှင်းမရဘူးဥပမာပေးတာနည်းသေးတယ်။ တခြားဘာသာတွေမှာတော့ ဘာသာရေးရှုပ်ရင် ကမ္ဘာပျက်နိုင်တယ်။

ဆက်ပြောရရင် အာရပ်တွေကလည်း ရေနံတွေ့ ပြီး ချမ်းသာလာတယ်၊ လူဦးရေ တိုးပွါးလာတယ်၊ ပါလက်စတိုင်းမှာ ဂျူးတွေ မလာခင်က အာရပ်တွေ အများဆုံးဆိုတော့ ဂျူးတွေ ပြန်လာတာ မခံနဲ့ချကွာဆိုပြီး ပါလက်စတိုင်းအာရပ်လူငယ်တွေကို ငွေထုတ်ပေးတယ်၊

ဂျူးကလည်း ဇီယွန်နစ်ဝါဒအားကောင်းတော့ ၁၉၄၈ မေလ ၁၄ ရက်နေ့ မှာ နိုင်ငံသစ် ထူထောင်ကြောင်း ကြေညာတယ်။ ကြေညာပြီး ၁၁ မိနစ်အကြာမှာ အမေရိကန်က နိုင်ငံသစ်ကို ထောက်ခံတယ်။ အာရပ်နိုင်ငံအားလုံးက ကန့်ကွက်တယ်။ ကမ္ဘာနိုင်ငံအများစုက ငြိမ်နေတယ်။ မထောက်ခံရဲကြဘူး။ မြန်မာနိုင်ငံက တနှစ်ကြာတဲ့အခါ အစ္စရေးနိုင်ငံကို ထောက်ခံတယ်။ မြန်မာဟာ အစ္စရေးကို အစောဆုံး ထောက်ခံတဲ့ အာရှနိုင်ငံ ထဲမှာပါတယ်။

နိုင်ငံထူထောင်ပြီးပြီးချင်းပဲ အာရပ်- အစ္စရေးစစ်ပွဲဖြစ်တယ်။ ပါလက်စတိုင်းအာရပ်တွေရယ်၊ အီဂျစ်၊ ဂျော်ဒန်၊ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ ဆော်ဒီ၊ ယီမင် ဘက်က စစ်သည် ခြောက်သောင်း၊ အစ္စရေးက ကလေးလူကြီးမကျန် လူ တသိန်းကျော် နဲ့ ချကြတာ ၉ လကြာတယ်။ အစ္စရေး က နိုင်တယ်။ အယင်က ပါလက်စတိုင်းအာရပ်တွေနဲ့ အစ္စရေး ဂျူးတွေကို အညီအမျှ ခွဲပေးဖို့ လုပ်ထားတဲ့ မြေနေရာတွေပါ စစ်ပွဲကြောင့် မြေပုံတွေ ပြောင်းကုန်ပြီး ဂျူးတွေက အာရပ်နယ်မြေတွေပါ သူတို့လုံခြုံရေးအကြောင်းပြ ဝင်သိမ်းတယ်။ အစ္စရေးဟာ တဖြည်းဖြည်း စစ်လက်နက်နိုင်ငံဖြစ်လာတယ်။

အဲ့ဒီကတည်းက တခြိမ်းခြိမ်း ချလိုက်ကြတာ အစ္စရေးဟာ ရန်ကုန်သာသာ လူဦးရေ ၇ သန်းလောက်ရှိတဲ့ နိုင်ငံငယ်လေး ကနေ လူဦးရေ သန်း၅၀၀ လောက်ရှိတဲ့ အာရပ်ကမ္ဘာကို စိမ်ခေါ်ပြီးဆတ်ဆတ်ထိမခံတဲ့ ကြက်ဖတညင် ဖြစ်လာတယ်။ သူ့လူတယောက်ထိ ၁၀ ယောက်ပြန်လက်စားချေ တတ်တယ်။ လူတိုင်းစစ်မှူထမ်းရတယ်။ သူတို့ဟာ အရပ် ရှစ်မျက်နှာ ဘယ်အရပ်မှ ကျောပေးလို့မရဘူး၊ရန်သူဖြစ်သွားကုန်လေပြီ ဖြစ်တဲ့ အာရပ်တွေ ဝိုင်းထားတယ်။

အသစ်ထူထောင်တဲ့ အစ္စရေးကို ပြန်မလာကြတဲ့ ဂျူးလူမျိုးတွေကလည်း သူတို့နေတဲ့နိုင်ငံအသီးသီးမှာ အထင်ကရ ပညာရှင်တွေ၊ စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေ ဖြစ်နေကြတယ်။ ဥပမာအမေရိကန်မှာဆို ဒီနေ့ ဂျူးလူမျိုး 8 သန်းနီးပါးရှိတယ်။ လက်ရှိအစ္စရေးကမှ ၇ သန်းကျော် ရှိတာ၊ အစ္စရေးနိုင်ငံထက် အမေရိကန်နိုင်ငံမှာ ဂျူးပိုများတယ်။ဂျူးတွေဟာ အမေရိကန်နိုင်ငံသားတွေဖြစ်နေပြီး စီးပွါးရေး နိုင်ငံရေးမှာ ထိပ်တန်းကနေ ထဲထဲဝင်ဝင်ရောက်နေတော့ အမေရိကန်က အစ္စရေးထိရင် အစ္စရေးဘက်က စစ်ဝင်တိုက်မှာပဲ။ အမေရိကန်ရဲ့ အထက်လွှတ်တော်မှာ အမေရိကန် ဂျူးလူမျိုး အမတ် ၉ ယောက်ရှိတယ်။အောက်လွှတ်တော်မှာ ၂၆ ယောက်ရှိတယ်။

ကဲ… အမေရိကန် ဂျူးဖက်ပါတာ ငပွကြီးပြောလို့မရတော့ဘူး၊ ဒီလိုပဲ၊ ပြင်သစ်၊ ကနေဒါ၊ အင်္ဂလန်၊ ဘယ်လဂျီယန်၊ ရုရှ၊ ယူကရိန်း၊ အာဂျင်တီးနား၊ ဂျာမဏီ၊ ဩစတြေးလျား၊ ဘရာဇီး၊ မက္ကဆီကို၊ ဟန်ဂေရီတို့မှာ ဂျူး တွေ သိန်းချီရှိကြသေးတယ်။ အဲ့ဒီနိုင်ငံတွေလည်း သူ့နိုင်ငံထဲက ဂျူးပြည်သူတွေမျက်နှာနဲ့ အစ္စရေးဘက်က ပိုပိုသာသာလေးတော့ရပ်ကြတယ်၊ ရေနံလိုချင်လို့ အာရပ်တွေလည်း ပြုံးထားရတယ်။ နိုင်ငံရေးကိုး။

ပါလက်စတိုင်းအာရပ်တွေဘက်က ကြည့်တော့လည်း သူတို့ခမျာ လွတ်လွတ်လပ်လပ် မသွားရ၊ အနောက်ဖက်ကမ်းခြေ၊ ဂါဇာစတဲ့ နယ်မြေမှာ အစ္စရေးရဲ့ မျက်စိဒေါက်ထောက်ကြည့်တာခံပြီးနေရတဲ့ ကယ့်အရှုပ်တော်ပုံနေရာဖြစ်လာရော။ အဲ့ဒီမှာ လူ့အခွင့်အရေးအဖွဲ့တွေက ပါလက်စတိုင်းအာရပ်တွေဘက်ကအော်၊ ဂျူးဆိုအလွန်မုန်းတီးသွားတဲ့ အာရပ်တွေက အသေခံဗုံးခွဲတဲ့ ပါလက်စတိုင်း အာရပ်လူငယ်တွေမွေးပေး၊ ဂျူးက သူ့လူတွေသေမှာစိုးလို့ ပါလက်စတိုင်းအာရပ်တွေကိုကန့်သတ်…. ဒီလိုနဲ့ သမိုင်းတလျောက်မီးဟုန်းဟုန်းတောက်တဲ့နေရာဖြစ်လာတယ်။ ၇၅ နှစ်ကြာပြီ။ သနားချင်တဲ့ဖက်သာ သနားကြပေတော့။ နှစ်ဖက်လုံး ဇာတ်နာရှာတယ်။

ကဲ… နောက်မှ… ဆက်ချင်ဆက်မယ်၊ ရပ်ချင်ရပ်မယ်။ ရေးရင် အလွန်ရှည်ပြီး အယူဝါဒတွေ ဟားမက်စ် ဟစ်စဘိုလာ၊ အာရာဖတ်၊ မိုရှေဒါယာန်း၊ ဘင်ဂေါရီးယန်း ဘာညာ အကုန်ရေးရရင် ပင်ပန်းမယ်ဗျ

Soldiers of Israel’s 33rd Caracal Battalion take part in a graduation march in the northern part of the southern Israeli Negev desert on March 13. The Caracal was formed in 2004 with the chief purpose of giving women a chance to serve in a true combat role.

Leave a Reply

Your email address will not be published. Required fields are marked *