Headlines

ပလက်ဝက ချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့တဲ့ AAတပ်သား ၂ ဦးရဲ့ပြစ်မှုအတွက် ငွေ သိန်း ၁၀၀ ပေးပြီး ကျေအေးပေးဖို့ AA ဘက်က ညှိနှိုင်းတာ ၂ ကြိမ်ရှိပြီလို့သိရ

ဇွန်လ ၁၂ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာက ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး ချောင်းထဲရေနစ်သတ်ဖို့ ကြိုးစားခဲ့တဲ့ အာရက္ခတပ်တော် (AA) တပ်သား ၂ ဦးရဲ့ပြစ်မှုတွေအတွက် ကျူးလွန်ခံရတဲ့ မိသားစုဝင်တွေဆီကို ငွေသား သိန်း ၁၀၀ ပေးပြီး အမှုကျေအေးဖို့ AA ဘက်က တာဝန်ရှိသူတွေက ညှိနှိုင်းမှုပြုလုပ်တာ ၂ ကြိမ်ရှိပြီလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ကျူးလွန်ခံရတဲ့ မိသားစုဝင်နဲ့ နီးစပ်သူ ပလက်ဝဒေသခံတစ်ဦးပြောတာက “မကြာသေးဘူး ဇွန်လ ပထမအပတ်လောက်မှာ AA က တာဝန်ရှိသူတွေက မိသားစုဝင်တွေဆီကိုသွားပြီးတော့ ငွေသား သိန်းတစ်ရာပေးပြီးတော့ ဒီအမှုကို ကျေအေးပေးပါဆိုပြီး မိသားစုဝင်တွေကို ညှိလာတယ်လို့ ပြောတယ်၊ မိသားစုဝင်တွေဘက်ကတော့ ကျူးလွန် ၂ ဦးကို သေဒဏ်ပေးမှ ကျေနပ်မယ်ပြောတယ် ” လို့ပြောပါတယ်။

အာရက္ခတပ်တော် (AA) ဘက်က မုဒိန်းမှုကျူးလွန်ခံရတဲ့ မိသားစုဝင်တွေဆီကို သိန်း ၁၀၀ ပေးပြီး ကျေးအေးပေးဖို့ ညှိလာတာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်းကိုလည်း ပလက်ဝမြို့နယ် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တွေဆီကနေတဆင့် သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ပလက်ဝမြို့နယ် ၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို အာရက္ခတပ်တော် (AA) တပ်သား ၂ ဦးကမုဒိန်းကျင့်ပြီး ချောင်းအတွင်း ရေနစ်သတ်ဖို့ ကြိုးစားခဲ့ပြီး ကျူးလွန်ခံရသူရဲ့ ယောက်ခမဖြစ်သူက ပတ်ဝန်းကျင်ကို အော်ဟစ်ပြီး အကူအညီတောင်းတာကြောင့် ကျူးလွန်ခံရသူဟာ မသေဘဲ အသက်ဘေးကနေ သီသီလေးလွတ်ခဲ့တာဖြစ်ပါတယ်။

မုဒိန်းကျင့်ပြီး ရေနစ်သတ်ဖို့ ကြိုးစားခဲ့တဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၂ ဦးကို ပြစ်မှုဖြစ်ပွားတဲ့နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၄ ရက်နေ့မှာ ရခိုင်သတင်းမီဒီယာတချို့မှာဖြေကြားထားပေမယ့် ဒီကနေ့ချိန်ထိ ပွင့််လင်းမြင်သာတဲ့ တရားစီရင်ရေးနဲ့ အရေးယူဆောင်ရွက်တာတော့ မရှိသေးဘူးလို့လည်း ပလက်ဝဒေသခံဘက်ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *