Headlines

တွန်းဇံမြို့နယ်မှာ ရာသီမှိုချက်စားရာမှ အဆိပ်သင့်ပြီး ကလေးမိခင်အမျိုးသမီး ၁ ဦး သေဆုံးကာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးကိုယ်ဝန်ပျက်ကျ

ဇွန်လ ၁၁ ရက်။

ချင်းပြည်နယ်၊တွန်းဇံမြို့နယ် ဗိုင်းဗက် ကျေးရွာနေ ကလေးမိခင် အသက် ၃၂ နှစ် အရွယ် ဒေါ်ကျိန်လမ်ညိန် (Pi Cing Lam Ning) ဟာ ရာသီပေါ် မှို ချက်စားရာမှ အဆိပ်သင့်ပြီး အိန္ဒိယ နိုင်ငံ မဏိပူရ်ပြည်နယ်၊ ချူလာချန့်ပူ ခရိုင် ဆေးရုံကြီးမှာ ဒီကနေ့ ဇွန်လ ၁၁ နေ့မှာ သေဆုံးသွားခဲ့ကာ ၊တွန်းဇံမြို့နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးလည်း ရာသီပေါ်မှိုစားမိလို့ ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ ဒေသခံများ ထံမှ သိရပါတယ်။

“ပြီးခဲ့တဲ့ ဗုဒ္ဂဟူးနေ့၊ ဇွန်လ ၄ ရက်နေ့မှာ တောင်ယာ သွားရင်း မှိုတွေပေါ်တော့ တဲမှာပဲ ချက်စား လိုက်တယ်။ ညနေ ကျတော့ ဗိုက်နာပြီး နေမကောင်း စဖြစ်တယ်။ အိမ်မှာ ဆေးမီးတိုလေး တွေနဲ့ ကုရင်း တဖြည်းဖြည်း အခြေအနေ ဆိုးလာတော့ စနေနေ့မှာ ကျီခါးမြို့ ပြည်သူ့ ဆေးရုံကို ပို့လိုက်တယ်။ ကျီခါးမြို့ ပြည်သူ့ ဆေးရုံ ကနေ တနင်္လာနေ့ သတိလစ်ပြီး မသက်သာ တော့ Lamka (ချူလာချန့်ပူ) ခရိုင် ဆေးရုံကြီးကို လွှဲ ပေးလိုက်တယ်။ အသည်းက အတော် ပျက်စီးတော့ ကု မရတော့ဘူး။ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာ Lamka ဆေးရုံကြီး ကနေ ကွယ်လွန် သွားခဲ့တယ်” လို့ သေဆုံးသူရဲ့ ဆွေမျိုး တစ်ဦးမှာ ပြောပြတယ်။

“မိုးကျတာစောပြီး မှိုတွေ ပေါက်လာတာလည်း စော လို့ ဖြစ်မယ်။ ဒီနှစ် မှို အစားမှားတဲ့ လူတွေ ကြိုကြားကြိုကြား ကြား နေရတယ်။ ဒီမနက် Lamka ဆေးရုံ ကနေ ဗိုင်းဗက် ရွာသူ တစ်ဦး သေဆုံးခဲ့တယ်။ အခုလည်း အနီး ပတ်ဝန်းကျင်ရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးလည်း မှိုစားမှားပြီး ကိုယ်ဝန်ပျက်ကျ ခဲ့တယ်။ Lamka ဆေးရုံမှာပဲ ကုသ နေရပါတယ်။ သူမလည်း မျှော်လင့်ချက် အရမ်းနည်း တယ်” လို့ တွန်းဇံမြို့နယ်မှအမျိုးသမီး အရေး ဆောင်ရွက်သူ တစ်ဦး က ပြောပြပါတယ်။

သေဆုံးသူ ဒေါ် Cing Lam Ning မှာ ယောင်္ကျား နဲ့အတူ လူမမယ် ကလေး နှစ်ဦး ကျန်ရှိခဲ့ပြီး အလောင်းကို Lamka မြို့ကနေ ကျီခါးမြို့ အနီးမှာ ရှိတဲ့ ဗိုင်းဗက် ကျေးရွာသို့ သယ်ဆောင်ခဲ့ကာ ဇွန်လ ၁၂ ရက်နေ့တွင် သဂြိုလ်သွားမယ် လို့လည်း ထပ်မံ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *