
ကလေးမြို့ရှိ ဘိလပ်မြေ အရောင်းဆိုင်များမှာ ပစ္စည်း ပြတ်လပ် နေပြီး တအိတ်လျှင် ကျပ် ၇ သောင်း နှုန်းဖြင့် လူတစ်ယောက် လျှင် ငါးအိတ်သာ ဝယ်ယူခွင့်ပြုကြကြောင်း ကလေးမြို့နေ ဒေသခံများ ထံမှ သိရှိရပါတယ်။
“ကျပ် ခုနစ်သောင်း နဲ့တောင် ဝယ်ယူနိုင်ဖို့ အတော်ခက်တယ်။ နှစ်ရက်လောက်ကြာရင် ငါးထောင် လောက် တက်လိုက်၊ နောက် သုံးရက်နေ နောက်ထပ် ငါးထောင် တက်လိုက်နဲ့ သင်္ကြန် မတိုင်ခင် ကျပ် ၃သောင်း ၅ထောင်ပဲ ရှိတာကနေ အခု ၇ သောင်း ထိ ဈေးတက်သွားတာ။ တချို့ ဆိုင်တွေက ပစ္စည်း ရှိသေးတယ်။ ဈေး အရမ်း တက်နေတော့ ထုတ် မရောင်းဘူး” လို့ ဘိလပ်မြေဈေးနှုန်း တစတစ တက်သွားပုံကို ကလေးမြို့နေ ဒေသခံ တစ်ဦးမှ ရှင်းပြပါတယ်။
မန္တလေး ငလျင် ဘေးခံရသည့် ဒေသတွေကနေ ကယ်ဆယ်ရေးသမားများ ပြန်လည် ထွက်ခွာသူ များပြား လာပြီး နောက်ပိုင်း ကလေးမြို့မှာ ဘိလပ်မြေများ ဈေးများ တဟုန်ထိုး တက်သွားသည်ကို သတိထားမိကြောင်း၊ ကလေးမြို့ ရဲ့ လက်ရှိ ဝယ်လိုအားကို ရောင်းသူများမှ မဖြည့်ဆည်း နိုင်ခဲ့ကြောင်း အဆိုပါ ဒေသခံမှ ဆက်လက် ပြောကြားပါတယ်။
ဆောက်လုပ်ရေး လုပ်ကိုင်နေသူ အင်ဂျင်နီယာ တစ်ဦး ကတော့ “မိုးကျတော့မှာ မို့လို့ ဆောက်လုပ်ရေး ဆိုဒ် တော်တော်များများက အလုပ်ကို အပြီးသတ် နိုင်ဖို့ ကြိုးစားနေကြတာ။ ဒါက ပုံမှန်ထက် ဝယ်လိုအားကို ပိုမြင့်စေတာ ဗျ။ မိုးကျ ရင် တချို့ဆိုဒ်တွေ နားရမယ်။ အဲ့ချိန် ပုံမှန် ဈေး ပြန်ရောက် နိုင်တယ်” လို့ သုံးသပ် ပြောဆိုပါတယ်။
လက်ရှိ ရန်ကုန်မြို့က အရောင်းဆိုင်တွေမှာတော့ ဘိလပ်မြေ တစ်အိတ်ဟာ ကျပ် ၃သောင်းခွဲ ဈေးရှိတယ်လို့ သိရပါတယ်။
