
ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်း ၁၀နာရီခန့်မှာ CDF-CDM-Siyin အပါအဝင် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ဒီရက်ပိုင်း အတွင်း ကလေးမြို့ကနေ ချင်းတောင်ကို ချီတက် စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တို့တီးတိန်မြို့နယ် မွာလ်ပီးရွာ အောက်နားတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွါးနေတယ် လို့ ဒေသခံများထံမှ သိရှိရပါတယ်။
“ဒီနေ့ မနက် ၁၀ နာရီ ကျော်ကျော် ကနေ စပြီး ပစ်ခတ်သံတွေ စကြားရတယ်။ လက်နက်ကြီး ပေါက်ကွဲသံတွေလည်း ကြားနေရ ပါတယ်။ မွာလ်ပီး ရွာဘက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီ စစ်သားတွေ ထိတွေ့ တိုက်ပွဲ ဖြစ်တာလို့ ကြားရတယ်” လို့ ခိုင်ကမ်းမြို့နေ ဒေသခံ တစ်ဦး က Chin World Media ကိုပြောပါတယ်။
လက်ရှိ အခြေအနေ နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ “ဖြစ်နေတာက ရှုခင်းသာ နှင့် မွာလ်ပီး ရွာကြား တနေရာမှာပါ။ နေရာ အတိအကျ ပြောလို့ အဆင်မပြေ သေးဘူး။ တခြား ဒေသကာကွယ်ရေး တပ်ဖွဲ့တွေလည်း ရောက်လာ ကြပါတယ်။ ဘယ်အဖွဲ့တွေလဲ ဆိုတာတော့ အချိန်တန် ရင် အဖွဲ့အစည်းတွေက ထုတ်ပြန်မှာ ပါ။ လက်ရှိမှာ မိုးအရမ်း သည်းနေတော့ အားလုံး အခက်အခဲ ဖြစ်နေတယ်။ လက်နက်ကြီး တွေတော့ ကြိုကြားကြိုကြား ပစ်ဖောက် နေဆဲ ပါပဲ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ နဲ့ နီးစပ်သူ တစ်ဦး က Chin World Media ကို ပြောပါတယ်။
မေလ ၁၉ ရက်နေ့ မနက် ၄ နာရီ ခန့်မှာ အင်အား ၂၀၀ ခန့် ရှိတဲ့ စစ်ကောင်စီ စစ်တပ်ဟာ စစ်ကား ၁၅ စီးခန့် ဖြင့် ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုး ချီတက်လာကာ ခိုင်ကမ်း မြို့ ရဲစခန်းကနေ ချင်းတောင်တက်မယ့် ကားအားလုံး ပိတ်ဆို့ တားမြစ်ခဲ့ ပါတယ်။
တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CDF-CDM-Syin ကလည်း မေလ ၂၀ ရက်ကနေ စပြီး ကလေး-သိုင်းငင်း လမ်းမကြီးကို ယာယီ ပိတ်ထား လိုက်ကြောင်း ကြေငြာ ခဲ့ပါတယ်။
မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ မြို့နယ်အများစုကို ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အာရက္ခာတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဟားခါးနဲ့တီးတိန်မြို့နယ် ၂ မြို့နယ်ကိုသာ စစ်ကောင်စီတပ်ကထိန်းချုပ်ထားနိုင်ပါတော့တယ်။
