Headlines

မြန်မာနိုင်ငံရှိ ပွဲစားကလိမ်လည်ပို့လိုက်ပြီး မလေးရှားနိုင်ငံရောက်သွားတဲ့ ချင်းအမျိုးသမီးတစ်ဦးကို ရွေးပေးတဲ့သူရှိလို့ ပြန်လွတ်လာပြီလို့ သိရ

မေလ ၂၀ ရက်။

မြန်မာနိုင်ငံမှာရှိတဲ့ ပွဲစားက လိမ်လည်ပြီး မလေးရှားကိုပို့ပေးလိုက်တဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချောင်းနန်းကျေးရွာနေ အသက် ၂၂ နှစ်အရွယ် လေးတူချင်းအမျိုးသမီးတစ်ဦးဟာ မေလ ၁၈ ရက်နေ့မှာ မလေးရှားပွဲစားဆီကနေ ရွေးပေးတဲ့သူရှိလို့ပြန်လွတ်လာတယ်လို့သိရပါတယ်။

သူမနဲ့ နီးစပ်တဲ့သူတွေပြောပြချက်အရ “၁၈ ရက်နေ့ မနက်စောပိုင်းလောက်မှာ ရွေးမယ့်သူကို ဆက်သွယ်လာတယ်တဲ့ ဆက်သွယ်လာပြီးတော့ ကွာလာလမ်ပူမြို့ထဲက စားသောက်ဆိုင်မှာတွေ့ကြပြီး ခုနှစ်ထောင် နဲ့ ရွေးခိုင်းတယ်တဲ့ အစက သူတို့တောင်းတာက တစ်သောင်းလေးထောင်ပေါ့ ဒါပေမယ့် မနေ့ကလိုက်ပို့ပေးတာတဲ့ ရွေးဖို့ ပိုက်ဆံမရှိသေးဘူးပြောတာတောင်မရဘူး ခုနှစ်ထောင်နဲ့ အတင်းရွေးခိုင်းတာတဲ့ အခုကလွှတ်သွားပြီပေါ့” လို့ပြောပါတယ်။

မလေးရှားနိုင်ငံမှာရှိတဲ့ ပွဲစားက KTV မှာအလုပ်လုပ်မယ့် အမျိုးသမီးခေါ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ပွဲစားက စားသောက်ဆိုင်မှာအလုပ်ရမယ်လို့ လိမ်ခေါ်ပြီး ပို့ပေးလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နဲ့ အမ်းမြို့နယ်က ချင်းအမျိုးသမီး ၆ ဦးကို မလေးရှားနိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ အလုပ်ရမယ်လို့ မြန်မာနိုင်ငံရှိ ပွဲစားက ချိတ်ဆက်ပေးပြီး မေလ ၅ ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ မလေးရှားကို ရောက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအမျိုးသမီးတွေကို ပွဲစားတွေက စားသောက်ဆိုင်မှာ အလုပ်မသွင်းပေးဘဲ မလေးရှားနိုင်ငံက KTV ဆိုင်တစ်ခုမှာ အတင်းဓမ္မ လုပ်ခိုင်းတာကြောင့် အမျိုးသမီးတွေဟာ မလုပ်ချင်တဲ့အတွက် အဲ့ဒီ အမျိုးသမီးတွေဟာ မိမိအသိမိတ်ဆွေ၊ ဆွေမျိုးတွေကို ပွဲစားဆီက ရွေးပေးဖို့ အကူညီတောင်းခဲ့ကြတာဖြစ်ပါတယ်။

ပွဲစားအိမ်မှာ ေနာက်ဆုံး ကျန်နေတဲ့ အဆိုပါ ချင်းအမျိုးသမီးကို မလေးရှားနိုင်ငံ၊ အိုမန်၊ စင်ကာပူမှာရှိကြတဲ့ လေးတူချင်းမျိုးနွယ်စုတွေက ငွေစုပြီး ပြန်ရွေးကြတာလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *