
မေလ ၂ ရက်နေ့ မနက်မှ တွန်းဇံမြို့နယ် တုန်းတွောင်ရွာရှိ ၁၃ နှစ် အရွယ် အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ် တစ်ဦးကို CDF-Tonzang တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မ ခေါ်ဆောင်သွားခဲ့ရာ CDF-Tonzang တပ်ဖွဲ့မှ ယင်းနေ့မှာပင် အဆိုပါ တပ်သားကို ဖမ်းဆီး ထိန်းသိမ်းသွားတယ် လို့ တွန်းဇံ ဒေသခံများထံမှ သိရှိရ ပါတယ်။
“ကျူးလွန်သူက CDF-Tonzang တပ်ဖွဲ့ဝင်၊ လုံတပ်ရွာသား တစ်ဦး ဖြစ်တယ်။ မနက် ၄ နာရီခွဲ လောက်နေ မြို့ထဲကို ထွက်ပြီး အိမ်တွေကို လိုက်ခေါက်တယ်။ အမျိုးသမီး ရှိလား ဆိုပြီး မေးတယ်။ မြို့နဲ့ ကပ်ရက် ဖြစ်တဲ့ တုန်းတွောင်ရွာကို ရောက်တော့ မိန်းကလေးရဲ့ အမေက ဘုရားကျောင်းမှာ ဆုသွားတောင်းတာ။ တံခါးကို စေ့ထားပြီး သော့ခတ် မထားတော့ အိမ်ထဲ ဝင်ပြီး မိန်းကလေးကို သေနတ် နဲ့ ခြိမ်းခြောက် ပြီး တီးတိန် ဘက်ကို ဆိုင်ကယ်နဲ့ ခေါ်ဆောင်သွားတယ်။ အမှု ဖြစ်တော့ လင်းအား ကြီးနေပြီ” လို့ ခရီးသွား တွန်းဇံမြို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောကြား ခဲ့ပါတယ်။
အမှု ဖြစ်ဖြစ်ချင်း မိသားစုဝင်များက CDF-Tonzang စစ်ဦးစီးချုပ် ပူး ထန်ဆွင်းမုန်ကို အကြောင်းကြား ခဲ့ကြကြောင်း၊ CDF-Tonzang မှ အဆိုပါ တပ်သား ရဲ့ နောက်ကို လိုက်ခဲ့ရာ ဗျဲလ်းကျင်း ကျေးရွာ မရောက်ခင် ပြန်မှီပြီး ဖမ်းဆီး ရမိကြောင်း၊ လက်ရှိမှာ ၎င်းကို တွန်းဇံမြို့ ရဲစခန်းမှာ ထိန်းသိမ်း ထားကြောင်း ဒေသခံများ ထံမှ သိရှိရပါတယ်။
“ပူးထန်ဆွင်းမုန် က နစ်နာသူ မိသားစု ဆန္ဒ ရှိတဲ့ အတိုင်း စီရင် မယ်လို့ ပြောတယ် ဆိုပြီး သတင်းတွေ ထွက်နေ ပါတယ်။ တွန်းဇံမြို့ ပတ်ဝန်းကျင်က CC ထိန်းချုပ်ထားတဲ့ နယ်မြေ ပါ။ နစ်နာသူတွေရဲ့ ဆန္ဒ အတိုင်း ဆိုတာ က နစ်နာသူ မိသားစုကို ထောင်ချောက် ဆင်သလို ဖြစ်နေ ပါတယ်။ နစ်နာနေတဲ့ ကလေးက အသက် ၁၃ နှစ်ပဲ ရှိသေးတယ်။ အမျိုးသမီးလည်း ဖြစ်တယ်။ အမှုက ရာဇဝတ်မှုထဲမှာ ကြီးလေးတဲ့ ရာဇဝတ်မှု ဖြစ်တယ်။ CC ရဲ့ လက်ရှိ ကျင့်သုံးတဲ့ ဥပဒေ အတိုင်း စီရင် သင့်တယ်” လို့ ဖြစ်စဉ် နောက်ဆက်တွဲ နဲ့ ပတ်သက်ပြီး အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ တွန်းဇံမြို့သူ အမျိုးသမီး တစ်ဦး က Chin World Media ကို သုံးသပ် ပြောပြပါတယ်။
တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်မှာ CDF-Tonzang ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီလက်မှသိမ်းပိုက်နိုင်ခဲ့ပြီး နောက် တွန်းဇံမြို့ကို လက်ရှိမှာ CDF-Tonzang က စီမံအုပ်ချုပ်လျက်ရှိပါတယ်။