Headlines

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း AA ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို Global Khumi Organization (GKO) က ထုတ်ပြန်

မေလ ၅ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ကျူးလွန်တဲ့ မုဒိမ်းမှုတွေအပါဝင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ၊ လူသားမျိုးနွယ်စုတွေပေါ်ပြစ်မှုကျူးလွန်ခြင်းနဲ့ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို Global Khumi Organization (GKO) က မေလ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ဧပြီလ ၅ ရက်နေ့၊ မနက် ၉ နာရီအချိန်တွင်ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာတွင် ရွာနှင့် ခြေကျင်ဖြင့် ၁၀ မိနစ်ခန့် လမ်းလျှောက်ရသည့် ယာခင်းထဲတွင် ဟင်းခူးရန် သွားသည့် အသက် ၂၃ နှစ်အရွယ် (နို့စို့) ကလေးမိခင်တစ်ဦးကို AA တပ်သား ၂ ဦးက မုဒိမ်းကျင့်ပြီး အမျိုးသမီးကို ချောင်းထဲရေနစ်သတ်ဖို့ကြိုးစားခဲ့တာဟာ အလွန်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်သလို အလားတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ကပလက်ဝမြို့နယ်၊ ဆမီးမြို့ က အသက် ၃၅ နှစ်အရွယ် ကလေးမိခင် တစ်ဦးကို ရခိုင်စကားပြောတဲ့ လူတစ်စုက မုဒိမ်းကျင့်ပြီး ချောင်းကမ်းစပ်နားတွင် သတိလစ်မျော့ပါးတဲ့အထိ ရိုက်နှက်ပြီး စွန့် ပစ်ခဲ့တယ်လို့ GKO ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာမှ အသက်မပြည့်သေးသည့် ကလေးတစ်ဦးအပါအဝင် ကုန်သည် မိသားစုဝင် သုံးဦးသည် ကျောက်တော်မြို့မှအပြန် ပလက်ဝမြို့နယ်၊ မွန်ထောင့်ကျေးရွာအနီးတွင် ဓားဒဏ်ရာများဖြင့် လူမဆန်စွာ သတ်ဖြတ် စွန့်ပစ်ထားသည့်အလောင်းများကို တွေ့ရှိရတယ်လို့ GKO ကထုတ်ပြန်ပါတယ်။

ထို့အပြင် ချင်းအမျိုးသားတပ်မတော် (CNA) စည်းရုံးရေးအပိုင်းတွင် အလုပ်လုပ်ကိုင်နေကြသည့် ဆမီးမြို့ခံတချို့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင်းက ၎င်းတို့၏ အသိမိတ်ဆွေဖြစ်သည့် ဆမီးမြို့၊ ကျီးဝကျေးရွာရှိ အသက် (၃၂)နှစ်အရွယ် ဦးငြိမ်းပြေ အိမ်သို့ လာလည်သည့်အတွက်ကြောင့် ဦးငြိမ်းပြေကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ဦးငြိမ်းပြေသည် ကလေးနှစ်ဦး၏ ဖခင်ဖြစ်သလို ၎င်းသည် လူတစ်ဦးတစ်ယောက်၏ အကူအညီဖြင့် လမ်းလျောက်၍ရသည့် မသန်စွမ်းတစ်ဦးလည်းဖြစ်ကြောင်း၊ဦးငြိမ်းပြေ ဖမ်းဆီးခံရသည့်ရက်မှစ၍ မိသာစုဝင်များသည် မည့်သည့်အဆက်သွယ်မှမရရှိကြောင်း၊ထို့ကြောင့် ၎င်းသည်မသန်စွမ်းဖြစ်သည့်အတွက် မိသားစုဝင်များက ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်နေကြရသည်။လို့ GKO က ထုတ်ပြန်ပါတယ်။

နောက်ပြီး ပလက်ဝမြို့နယ်တွင် ဆေးဝါလုံလောက်မှုမရှိ၍ လူသေဆုံးမှာများရှိသည့်အခြေအနေမျိုးတွင် AA သည် ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ပေးခြင်းမရှိဘဲ ပလက်ဝမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးဝါးနှင့် ဆေးရုံသုံး ပစ္စည်းကိရိယာများကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ထားတယ်လို့ GKO က ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ပလက်ဝမြို့နယ်အတွင်းမှာ ၂၀၂၅ ခုနှစ်၊မတ်လကစလို့ လူစုလူဝေး မလုပ်ဖို့ AA ကပိတ်ပင်တားမြစ်ခဲ့လို့ ဒေသခံ ခရစ်ယာန်တွေ တနင်္ဂနွေနေ့ ဝတ်ပြုစည်းဝေးခွင့် ဆုံးရှုံးလျက်ရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *