
ဧပြီလ ၂၇ ရက်။
ဧပြီလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး ရေနစ်သတ်ဖို့ကြံစည်တဲ့ အာရက္ခတပ်တော် (AA) တပ်သား ၂ ဦးကို ULA / AA အနေနဲ့ လျင်မြန်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံး ဖော်ဆောင်ပေးရန် နိုင်ငံတကာခူမီးလူငယ်များအသင်း (GKYA) က ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားပါတယ်။
ဒီအမှုနှင့်ပတ်သက်ပြီး ULA/AA အနေဖြင့် လျင်မြန်ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး ဖော်ဆောင်ပေးရန်၊ ကျူးလွန်ခံရသူအတွက်လိုအပ်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံမှု၊ ဥပဒေအကာအကွယ် နှင့် အခြားလိုအပ်သောအကူအညီများကို ပံ့ပိုးဆောင်ရွက်ရန်၊ ကျူးလွန်သူများကို အမည်ဖော်ထုတ်ပြီး ပြည်တွင်း၊ နိုင်ငံတကာဥပဒေများ၏လုပ်ထုံးလုပ်နည်းများ နှင့် အညီ ပွင့်လင်းမြင်သာစွာတရားစွဲအရေးယူ အပြစ်ပေးရန်၊ ULA/AAအနေဖြင့်နောက်နောင်တွင် အထူးသဖြင့်အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ပြည်သူ လူထုများ၏ လွတ်လပ်မှု၊ တရားမျှတမှုနှင့် လုံခြုံမှုတို့ကိုဆန့်ကျင်သောအကြမ်းဖက်မှုများအားလုံးကို ခြွင်းချက်မရှိ ရပ်ဆိုင်းရန် နဲ့ မြန်မာပြည်အတွင်းရှိ လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှား နေကြသောလူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအစုအဖွဲ့များအနေဖြင့်လည်း ကျူးလွန်ခံရသူ အမျိုးသမီး၏ တရားမျှတမှုရရှိရေးတွင် ဝိုင်းဝန်းကူညီတောင်းဆိုရန် တို့ကို အလေးအနက်ထားတောင်းဆိုတယ်လို့ GKYA အဖွဲ့ကတောင်းဆိုထားပါတယ်။
ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် တစ်ဦးကို အာရက္ခတပ်တော် ( AA) တပ်သား ၂ ဦးက မုဒိန်းကျင့်ပြီး ရေနစ်သတ်ဖို့ကြိုးစားခဲ့တာ မှန်ကန်ကြောင်းနဲ့ ပြစ်မှုဖြစ်တဲ့နေ့ကတည်းကစလို့ ကျူးလွန်သူ ၂ ဦးကို ဖမ်းဆီးထားကြောင်းကိုလည်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ရခိုင်မီဒီယာဖြစ်တဲ့ Narinjara မှာ ပြောကြားထားပါတယ်။
ဧပြီလ ၅ ရက်နေ့က စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင်ချင်းအမျိုးသမီးတစ်ဦးဟာ အခင်းသွားစဉ် AA တပ်သား ၂ ဦးက မုဒိန်းကျင့်ပြီး ချောင်းအတွင်း ရေနစ်သတ်ဖို့ကြိုးစားနေချိန် ကျူးလွန်ခံရသူရဲ့ ယောက်ခမဖြစ်သူက ပတ်ဝန်းကျင်ကို အော်ဟစ်ပြီး အကူအညီတောင်းခဲ့လို့ မုဒိန်းကျင့်ခံရသူအမျိုးသမီး အသက်ဘေးကနေ သီသီလေးလွတ်ခဲ့တာဖြစ်ပါတယ်။

