ချင်းတောင် နဲ့ ကလေးမြို့နယ် အတွင်း ဖုန်းလိုင်း အားလုံး ပြတ်တောက်တဲ့ ကာလအတွင်း MEC ဆင်းကဒ် ကျပ် ၁သိန်း ၇သောင်းထိ ဈေးတက်ခဲ့၊ MPT လိုင်း ပြန်လည် ရရှိ

ဧပြီလ ၁၅ ရက်။

ချင်းတောင်ကမြို့တွေ နဲ့ ကလေးမြို့နယ် အတွင်း ဧပြီ ၁၁ ရက် နေ့ မနက်ပိုင်း က စပြီး ၃ ရက်ခန့် GSM ဖုန်းလိုင်း အားလုံး ပြတ်တောက်ခဲ့တဲ့ အတွက် ဖုန်း ခေါ်ဆိုနိုင်တဲ့ MEC ဆင်းကဒ် တစ်ခုဟာ ကလေးမြို့မှာ ကျပ် တစ်သိန်း ခုနစ်သောင်း အထိ ဈေးတက်သွားခဲ့ပြီး ဧပြီ ၁၄ ရက် ညနေ ကစပြီးချင်းတောင်ကမြို့တချို့ နဲ့ ကလေးမြို့နယ် အတွင်း MPT လိုင်း ပြန်လည် ရရှိခဲ့တယ် လို့ ကလေးမြို့ ဒေသခံ တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။

“MEC နဲ့ လိုင်း သုံးလုပ်တော့ မရဘူး။ ဖုန်း ပြောလို့ ရရုံ လေးပဲ။ အခက်အခဲ အပေါ် စေတနာ မထားဘဲ စီးပွားရေး လုပ်နေတော့ အခုလို ဈေးတက် တာပါ။ ဧပြီ ၁၄ ရက်နေ့ ညနေ ၈ နာရီ ကနေ MPT ဖုန်းလိုင်း နဲ့ Wifi‌တွေ ပြန်ရပါပြီ” လို့ ကလေးမြို့ ခံ က ပြောကြား ခဲ့ ပါတယ်။ “တီးတိန်မြို့မှာ‌တော့ တဖက် နိုင်ငံရဲ့ ဖုန်းလိုင်း မိတဲ့ နေရာ ကို သွားပြီးတော့ လိုင်း သုံးခဲ့ရ ပါတယ်။ Sim Card အားလုံး၊ Wifi အားလုံး ပြတ်တောက်ခဲ့တာပါ။ ကလေးမြို့မှာ MEC နဲ့ ဖုန်းပြော လို့ရတယ် လို့ သိရပေမယ့် တီးတိန်မှာတော့ အဆင်မပြေဘူး” လို့ ‌တီးတိန်မြို့ခံ တစ်ဦးက Facebook မှာ ရေးသားခဲ့ပါတယ်။

‌ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်း ကစပြီး ကလေးမြို့နယ် နဲ့ ချင်းတောင် မှာ MPT, Oreedoo, Atom, Mytel စတဲ့ GSM ဖုန်း အားလုံး ပြတ်တောက်ခဲ့ တာကြောင့် ဒေသခံတွေဟာ ငွေလွှဲငွေထုတ် တာ၊ ပြင်ပနဲ့ အဆက်အသွယ် လုပ်တာတွေ အားလုံး ပြတ်တောက် ခဲ့ရတယ် လို့လည်း ကလေး ဒေသခံများ ထံမှ သိရှိခဲ့ပါတယ်။

“MEC sim card လည်း မဝယ် နိုင်ခဲ့ပါဘူး။ ဆိုတော့ MPT လိုင်း တက်လာတော့ ပထမဆုံး လုပ်ဖြစ်တာ KBZ Pay ကို sign in အမြန် ပြန်ဝင်ခဲ့ရတယ်။ MPT လိုင်းမရတာ က အခုကာလ မတိုင်ခင် ကတည်း က ဆိုတော့ OPT code မကျ လာတော့ online payment အတွက် အတော် ပြဿနာ ဖြစ်ခဲ့ရတယ်” လို့ ကလေး ဒေသခံ တစ်ဦး က ပြောကြား ခဲ့ပါတယ်။

က‌လေးမြို့နဲ့ ချင်းတောင်မြို့တွေမှာ MPT လိုင်း ပြတ်တောက်ခဲ့ရခြင်း ဟာ ရေဦး မြို့နယ် အတွင်း MPT ဖိုင်ဘာ ဆက်ကြောင်း ပျက်စီး သွားပြီး ပြုပြင်နေဆဲ ကာလ ဖြစ်နေခြင်း ကြောင့် လို့ MPT က Facebook ကနေ ဖော်ပြထား ပါတယ်။

ယခုရက်ပိုင်း အတွင်း တီးတိန်မြို့ တဝိုက်တွင် စစ်လေယာဉ်များ မကြာခဏ ပျံဝဲ နေခဲ့ပြီး ဆိုင်းဇန် ရွာ နှင့် မွာလ်ဘင်း ရွာတွေမှာ ဗုံးကြဲ ခဲ့ပြီး နောက်ပိုင်း လေကြောင်း တိုက်ခိုက် ဗုံးကြဲတာမျိုး တော့ မရှိဘူး လို့ လည်း တီးတိန်မြို့ ဒေသခံများရဲ့ Facebook post များအရ သိရှိခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *