
မတ်လ ၁၁ ရက်။
မီဇိုရမ်ပြည်နယ်ကိုထွက်ပြေးလာကြတဲ့ ချင်းစစ်ဘေးရှောင်ပြည်သူများကို လက်ခံကူညီရမှာဖြစ် ပေမယ့် နယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိနေခြင်းဟာ ဒုစရိုက်မှုများ ပိုမိုဖြစ်စေပြီး အိန္ဒိယဗဟိုအစိုးရရဲ့ကန့်သတ်မှုအတိုင်းတာတစ်ခုအထိ လိုအပ်တယ် ယူဆကြောင်း မနေ့ မတ်လ ၁၀ ရက်က ကျင်းပတဲ့မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ကပြောကြားပါတယ်။
“ စစ်ဒဏ်ကြောင့် ဒီဘက်ကိုရောက်ရှိနေကြတဲ့ ကျွန်တော်တို့ညီအကိုတွေကို စောင့်ရှောက် ရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်။ လွတ်လွတ်လပ်လပ်နဲ့ သွားလာခွင့်ရှိတဲ့အခါမှာ ဆိုးကျိုးသက်ရောက်မှုတွေများလာတယ်၊ မူးယစ်ဆေးဝါး၊ သေနတ် တွေ၊ ကျည်ဆံတွေကအစ၊ ဒီဘက်မှာ လူသတ်မှုတွေဖြစ်ရင်လည်း တဖက်ကမ်းကို ထွက်ပြေးသွားလို့ရတယ်၊ဒီလိုမျိုး လွတ်လပ်စွာဖြတ် သန်းသွားလာခြင်း ကြောင့်ဆိုးကျိုးတွေဖြစ်ပေါ်စေတာ ကြောင့်မီဇိုရမ်ပြည်သူ တော်တော်များများကလည်း ဒီဟာ မကောင်းဘူးလို့မြင်လာကြတယ်။ဗဟိုအစိုးရက ခုလိုလုပ်ဆောင်လာတာဟာ လိုအပ်ချက်အရဆောင်ရွက်ရတာဖြစ်တယ်ဆိုတာမျိုး ပြည်နယ်အစိုးရမှာလည်း သဘောထားရှိပါတယ်” လို့ မီဇိုရမ်ဝန်ကြီးချုပ်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဇွန်လကနေ ဒီဇင်ဘာလအတွင်း အိုက်ဇောကို နိုင်ငံခြားသား ၂,၀၀၀ နီးပါး လာရောက်လည်ပတ်ခဲ့ကြပေမဲ့ သူတို့ထဲက တချို့ဟာ မြန်မာပြည်တွင်းရေးတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ဖို့ ဖြစ်တာကြောင့် စိုးရိမ်စရာဖြစ်နေတဲ့အကြောင်း၊လတ်တလောမှာတော့ မြန်မာ့ပဋိပက္ခတွေမှာ တရုတ်နဲ့ အမေရိကန်နိုင်ငံတွေက ပါဝင် လာနေတာကြောင့် အိန္ဒိယအနေနဲ့ နယ်စပ်ဒေသတွေရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊သိပ်မကြာသေးခင်က ကြိုတင်အသိပေးခြင်း မရှိဘဲ မီဇိုရမ်ပြည်နယ်ဆီ အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး လာရောက်လည်ပတ်မှုက အံ့အားသင့်စရာဖြစ်ခဲ့ရတယ်လို့လည်း မီဇိုရမ်ဝန်ကြီးချုပ် Pu Lalduhoma က ဆိုပါတယ်။
အိန္ဒိယ-မြန်မာ ၂ နိုင်ငံနယ်စပ်မှာ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုဖျက်သိမ်းလိုက်ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ် ဝင်ထွက်သွားလာမှုကိုအိန္ဒိယဗဟိုအစိုးရက တင်းကြပ် လိုက်ပါတယ်။
မြန်မာနိုင်ငံထဲကို တရားမဝင်ဝင်ရောက်ခဲ့တဲ့ ဘယ်လ်ဂျီယံနိုင်ငံသား သတင်းထောက်တစ်ဦးဖြစ်တဲ့ Simone Clemente ကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့ရှိ လဲန်းပွီးလေဆိပ်၊ စစ်ဆေးရေးဂိတ်မှာ၎င်းဆီကနေ သေနတ်ကျည်ဆံတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးထားကြောင်း အိန္ဒိယအခြေစိုက် သတင်းမီဒီယာ တွေက ဖော်ပြပါတယ်။

