
ဖေဖော်ဝါရီလ ၂၈ ရက်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ပျဉ်ဝရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ည ၉ နာရီဝန်းကျင်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးသွားပေမယ့် လူအထိခိုက်တော့ မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ စစ်ကောင်စီက ပျဉ်ဝရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ကြဲပြီးတိုက်ခိုက်ခဲ့တာဖြစ်ကာ၊စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတဲ့နေရာက ဒေသခံတွေနေထိုင်တဲ့နေရာနဲ့ အလှမ်းဝေးတာကြောင့် လူအထိခိုက်နဲ့ အရပ်သားအဆောက်အဦးထိခိုက်တော့ မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းပျက်စီးသွားတယ်တဲ့ အရပ်သားထိခိုက်မှုတော့မရှိဘူး အဲဒီရွာမှာ ခူမီးချင်းနဲ့ ရခိုင်တွေနေထိုင်တဲ့ ကျေးရွာဖြစ်တယ် အခုအကြဲခံရတဲ့နေရာက ရွာရဲ့တောင်ပေါ်မှာရှိတဲ့နေရာဖြစ်တော့ အိမ်တွေနဲ့အလှမ်းဝေးတယ် ဘုရားကျောင်းနာမည်က Presbyterian Church ဖြစ်တယ် အဲဒီရွာက ဆမီးမြို့သွားတဲ့ မီးချောင်းဘေးမှာရှိတဲ့ရွာဖြစ်တယ် အိမ်ခြေ တစ်ရာဝန်းကျင်နေထိုင်တယ်” လို့ပြောပါတယ်။
ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး လက်ရှိမှာလည်း AA က ပလက်ဝမြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်နေပါတယ်။
