Headlines

ကလေးမြို့ပေါ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်လို့ စစ်ကောင်စီက စစ်ဆေး၊ ဖမ်းဆီးတာတွေ ပိုလုပ်လာနေတယ်လို့သိရ

ဒီဇင်ဘာလ ၉ ရက်။

စစ်ကိုင်းတိုင်း ကလေး မြို့ပေါ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေနဲ့ ပက်သက်လို့ စစ်ကောင်စီက စစ်ဆေးဖမ်းဆီးတာတွေကို ဒီရက်ပိုင်းအတွင်း ပိုလုပ်ဆောင်လာနေသလို ဖမ်းဆီးရမိရင်လည်း ပိုက်ဆံနဲ့ရွေးလို့မရဘဲ စစ်မှုထမ်းဖို့ ခေါ်မယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “ဒီမနက်တော့ သူနာပြုကျောင်းရှေ့မှာ ဆိုက်တွဲတွေမှာလည်း ၂ ယောက်၊ ၃ ယောက် မစီးရဘူး ဖမ်းတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ် သူနာပြုကျောင်းရှေ့မှာ အများကြီးဖမ်းထားတယ်လို့လည်း ကြားသိရတယ်။ ဘယ်သူတွေပါတယ် ဘယ်အသက်အရွယ်တွေ၊ ဘယ်နှစ်ယောက် အဖမ်းခံရလဲ အမျိုးသား၊ အမျိုးသမီး ဘယ်နှစ်ယောက်ပါလဲဆိုတာ တိတိကျကျပြောလို့ မရနိုင်သေးဘူး။ ပိုက်ဆံနဲ့ပြန်ရွေးတာ ဒီတစ်ခါတော့ မရတော့ဘူးလို့ကြားတာပေါ့နော် ဖမ်းမိရင် ပိုက်ဆံနဲ့ ဘယ်လောက်ပေးပေးမရတော့ဘူး စစ်မှုထမ်းဖို့ ခေါ်မယ်ဆိုတဲ့ပုံစံမျိုးကြားနေရတယ်။ အခုလိုဖမ်းတာတွေကို စစ်ကောင်စီတွေက လုပ်နေတာဖြစ်တယ်” လို့ပြောပါတယ်။

ဆိုင်ကယ်စီးရင်း ဦးထုတ်မဆောင်းတဲ့သူ၊ ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်အတူစီးတဲ့ လူငယ်ယောကျာ်လေးတွေကို အဓိက ဖမ်းဆီးနေသလို ဧည့်စာရင်းစစ်တဲ့အချိန် ဧည့်စာရင်းမတိုင်တဲ့သူတွေကိုလည်း ဖမ်းဆီးကာ ဖမ်းဆီးမိရင်လည်း လူတစ်ဦးကို သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းပြီး ခံဝန်ကတိထိုးခိုင်းပြီးပြန်လွှတ်ပေးပေမယ့် ပြန်ဖမ်းမိရင် စစ်မှုထမ်းခိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် Chin World မီဒီယာအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်အမျိုးသားအများစုက ကလေးမြို့ပေါ်ကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်တာတွေကြောင့် ကလေးမြို့မှာ အမျိုးသားလုပ်သားရှားပါးမှုကိုလည်း ဒေသခံစီးပွားရေးသမားတွေ ကြုံနေရကြောင်းလည်း သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ်သင်တန်းတွေကို ၂၀၂၄ ခုနှစ် မေလကနေ စတင်ပြီး စစ်မှုထမ်းအပတ်စဉ်သင်တန်းတွေကို လစဥ် ဆက်တိုက်ဖွင့်လှစ်ခဲ့ပြီး လက်ရှိဒီဇင်ဘာလမှာ စစ်မှုထမ်းအပတ်စဉ် ၈ ဖွင့်ဖို့အထိ ရောက်ရှိနေပြီဖြစ်ကာ အပတ်စဉ် ၈ အတွက် ကြိုတင်လူစု ဆောင်း နေတဲ့ သတင်းများထွက်ပေါ် နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *