Headlines

လူထိခိုက်သေဆုံးမှုတွေ ရှိလာတဲ့နောက်ပိုင်း ဖလမ်းမြို့ပေါ်နေပြည်သူအားလုံးနီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်

နိုဝင်ဘာလ ၁ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်းမှာ နေ့စဉ်ရက်ဆက် ပစ်ခတ်မှုတွေတိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း ဖလမ်းမြို့တွင်းမှာ လူထိခိုက်သေဆုံးမှုတွေ ရှိလာတဲ့နောက်ပိုင်း မြို့ပေါ်နေ ဒေသခံပြည်သူအားလုံးနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဖလမ်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ပုံမှန်နေထိုင်သူလူဦးရေ ၁ သောင်းဝန်းကျင်ရှိတဲ့ ဖလမ်းမြို့မှာ မြို့တွင်းတိုက်ပွဲတွေပြန်ဖြစ်မယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ထုတ်ပြန်တာမျိုး မရှိပေမယ့် တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာေကြာင့် မြို့ပေါ်ကဒေသခံများဟာတိုက်ပွဲမဖြစ်ခင်ကတည်းက နီးစပ်ရာ ကျေးရွာတွေနဲ့ တခြားဒေသတွေကို ကြိုတင်ထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ မြို့ရဲ့ လူဦးရေ ၃ ပုံမှာ ၁ ပုံလောက်သာ မြို့မှာကျန်ခဲ့ရာမှ လက်ရှိအချိန်မှာ ေတာ့ ဒေသခံအားလုံးနီးပါးဟာ ဘေးလွတ်ရာတခြားနေရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

ဖလမ်းမြို့ဒေသခံတစ်ဦးက “မြို့ပေါ် ဒေသခံအများစု ၉၅ ရာခိုနှန်းထွက်ပြေးကြတယ်။ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်တယ်လို့ ပြောလို့ရတယ်။ အခုကျန်ခဲ့တဲ့ အနည်းငယ်ကလည်းနောက်အပတ်လောက်ဆိုရင် အကုန်လုံး ထွက်ပြေးလာကြမှာပါ။ မြို့ထဲနေရာတွေမှာလည်း တော်လှန်ရေးအင်အားစုတွေဘက်ကနေ နေရာယူထားကြတဲ့ အခြေအနေမျိုးလည်း ဖြစ်သွားပြီဆိုတော့” လို့ပြောပါတယ်။

ဖလမ်းမြို့ပေါ်မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့်လည်း ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ကျောင်းဆရာမ ၁ ဦးလည်း ထိခိုက်သေဆုံးတာ ရှိခဲ့ပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့က ဖလမ်းမြို့၊ တလန်လိုရပ်ကွက်က အသက် (၃၈) နှစ်အရွယ် ကျောင်းဆရာမ တစ်ဦးဟာ သူမအိမ်မှာ နေစဉ်မှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ရပါတယ်။ ဖလမ်းမြို့တွင်းမှာ လူထိခိုက်သေဆုံးမှုတွေ ရှိလာတဲ့နောက်ပိုင်း ဒေသခံတွေဟာ ကြောက်လန့်ပြီး နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *