ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak) ဟာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာည ၉ နာရီမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ Loikroh Boxing Stadium မှာ မွေထိုင်းပွဲ ယှဉ်ပြိုင်ထိုးသတ်မယ်လို့ သိရပါတယ်။
ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ်က“Loikroh Boxing Stadium မှာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ည ၉ နာရီမှာ ထိုးသတ်မှာ ပြိုင်ဘက်ကိုတော့ကြိုပြောထားတာမျိုးမရှိသေးတော့ နိုင်ငံခြားသားဖြစ်မလား၊ ထိုင်းလူမျိုးဖြစ်မလားဆိုတာတော့ မသိရသေးဘူး။ ဒီပွဲအတွက် တစ်လလောက်တော့ အကောင်းဆုံးပြင်ဆင်ထားတယ် အခုယဉ်ပြိုင်မှာက မွေထိုင်းဆိုတော့ Boxing ပိုင်းကိုလည်း ပြင်ဆင်ထားတယ်၊ မွေထိုင်းနဲ့ Boxing နှစ်မျိုးကို အကောင်းဆုံးပြင်ဆင်ထားတယ်”လို့ Chin World Media ကိုပြောပါတယ်။
ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ်ဟာ ထိုင်းနိုင်ငံမှာ MMA ၂ ပွဲ၊ မွေထိုင်း ၂ ပွဲ စုစုပေါင်း ၄ ပွဲထိုးသတ်ထားပြီး ၄ ပွဲစလုံး အနိုင်ရရှိထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ချင်းဖိုက်တာ ဆလိုင်းဂျွန်မွှတ်ဟာ MMA ပွဲထိုးခွင့်ရဖို့ ထိုင်းနိုင်ငံမှာ နည်းနည်းအခက်အခဲရှိတာကြောင့် မွေထိုင်းပွဲကိုအတွေ့အကြုံလိုချင်တာကြောင့် ထိုးတာဖြစ်တယ်လို့သိရပါတယ်။
အသက် ၂၂ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဇာတိတစ်ဦးဖြစ်ပြီးသိုင်းပေါင်းစုံအားကစား(MMA)လောကမှာ ကမ္ဘာကျော်တဲ့အထိ အောင်မြင်ဖို့ ဆန္ဒပြင်းပြကာ ကြိုးစားနေတဲ့ သူလည်းဖြစ်ပါတယ်။
ချင်းဖိုက်တာ ဆလိုင်းဂျွန်မွှတ်ဟာ MMA ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနဲ့ ပရော်ဖက်ရှင်နယ်အဖြစ် အသက်မွေးချင်လို့ ထိုင်းနိုင်ငံမှာ အပြင်းအထန်ကြိုးစားနေတဲ့ လူငယ်လည်းဖြစ်ပါတယ်။