ခေတ်သစ်မြန်မာနိုင်ငံ၏နိုင်ငံရေးလှုပ်ရှားမှုများနှင့်အိမ်နီးချင်းနိုင်ငံများ၏အခန်းကဏ္ဍနှင့်သက်ရောက်မှုများ
ရေးသားတင်ပြသူ-ဆလိုင်း ဟဲပါရုန်း ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများကိုဒေသတွင်းနိုင်ငံများ (အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ)၏အခန်းကဏ္ဍအပေါ်အခြေခံ၍ အမည်ခံရွေးကောက်ပွဲမှတဆင့် အသွင်ပြောင်းအစိုးရအာဏာယူပြီးဖြစ်ပေါ်တိုးတက်လျက်ရှိသောအခြေအနေအရ ဆန်းစစ်လေ့လာထားခြင်းဖြစ်သည်။မြန်မာ့နှစ်သစ်ကူးကာလတွင် အသွင်ပြောင်းအစိုးရ၊သမ္မတ၏လတ်တလောလုပ်ဆောင်ချက်များဖြစ်သောဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့အားလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်များအားငြိမ်းချမ်းရေးဖိတ်ခေါ်မှုများသည် နိုင်ငံရေးစိတ်ဆန္ဒအလျောက်ပြုပြင်ပြောင်းလဲမှုဖြစ်စဥ်မျိုးမဟုတ်ဘဲ ဒေသဆိုင်ရာဖိအားများကို တုံ့ပြန်သည့်မဟာဗျူဟာဆိုင်ရာလှုပ်ရှားမှုများ ဖြစ်သည်ဟုယူဆနိုင်သည်။ ထို့အပြင်ခေတ်သစ်ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းကိုလိုက်၍ မြန်မာ့နိုင်ငံရေးအပေါ်အနောက်နိုင်ငံများထက် ဒေသတွင်းနိုင်ငံများ၏အရေးပါမှုမြင့်မားလာခြင်းနှင့်ပြည်တွင်းအတိုက်အခံနိုင်ငံရေးအင်အားစုများအကြား စုစည်းညီညွတ်မှု၏အရေးပါမှုကိုလည်းအလေးထားတင်ပြထားပါသည်။ နိဒါန်း မြန်မာနိုင်ငံ၏ ခေတ်သစ်နိုင်ငံရေးပုံစံသည် ပြည်တွင်းအင်အားစုများ၏ ပြိုင်ဆိုင်မှုနှင့် ဒေသတွင်းနိုင်ငံများ၏ဝင်ရောက်စွက်ဖက်ပါတ်သက်မှုများအကြားရှုပ်ထွေးပွေလီသော ဆက်နွယ်မှုတစ်ရပ်အဖြစ် ထုံးဖွဲ့ထားသည်။ ပြည်တွင်းနိုင်ငံရေးအင်အားစုများ(မြန်မာ့တပ်မတော်၊တိုင်းရင်းသားလက်နက်ကိုင်များ၊ ၂၀၂၀ခုနှစ်ရွေးကောက်ခံအမတ်များ၊အခြားတော်လှန်ရေးအစုအဖွဲ့များ)သည်အဓိကအရေးပါသော အခန်းကဏ္ဍ၌ရှိနေသော်လည်း အိမ်နီးချင်းနိုင်ငံများ၏ ပါဝင်ပါတ်သက်မှုသည် ၎င်းတို့၏အကျိုးစီးပွားများအပေါ် အခြေခံထားသောကြောင့် တဖြည်းဖြည်းသက်ရောက်မှု ပိုမိုကြီးမားလာသည်ကို တွေ့ရှိရသည်။ ဤဆောင်းပါးသည်ထိုသက်ရောက်မှုများက မြန်မာနိုင်ငံ၏ နိုင်ငံရေးဆုံးဖြတ်ချက်များအပေါ် မည်မျှအရေးပါသည်ကိုလေ့လာဆန်းစစ်ထားသည်။ မြန်မာ့နိုင်ငံရေး လာရာ၊လားရာလက္ခဏာများနှင့်မဟာဗျူဟာဆိုင်ရာ လိုက်လျောညီထွေမှုများအရလက်ရှိစစ်တပ်အသွင်ပြောင်းအာဏာပိုင်များ၏လှုပ်ရှားမှုများဖြစ်သော မြန်မာ့နှစ်သစ်မိန့်ခွန်းတွင်ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပြိုင်ဖက်ဝါရင့်နိုင်ငံရေးသမားကြီးများအပါအဝင်နိုင်ငံရေးအကျဉ်းသားအချို့အားလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းတို့သည် စစ်မှန်သောပြုပြင်ပြောင်းလဲမှုများထက် နိုင်ငံတကာနှင့်ဒေသဆိုင်ရာဖိအားများကိုလျှော့ချရန် ရည်ရွယ်သည့်မဟာဗျူဟာဆိုင်ရာလုပ်ဆောင်ချက်များဖြစ်ကြောင်းတွေ့မြင်နိုင်သည်။…

