မီဇိုရမ်အတွက် ရူပီး သန်း ၃,၅၀၀ တန် စီမံကိန်းသစ်များ ဗဟိုအစိုးရ ချထားပေး

အောက်တိုဘာလ ၁၂ ရက်။

အိန္ဒိယဗဟိုအစိုးရဟာ မီဇိုရမ်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစုပေါင်း ရူပီး သန်း ၃,၅၀၀ ခန့် (ရူပီး ၃၅၀ ကုဋေ) တန်ဖိုးရှိတဲ့ စီမံကိန်းသစ်တွေကို ချထားပေးလိုက်ပြီး အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DoNER) ပြည်ထောင်စုဝန်ကြီး Jyotiraditya M. Scindia က တနင်္လာနေ့မှာ စတင်ဖွင့်လှစ် မိတ်ဆက်ပေးခဲ့ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ရဲ့ မျှော်မှန်းချက်နဲ့အညီ အရှေ့မြောက်ဒေသကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ဗဟိုအစိုးရဘက်က အလေးထား ဆောင်ရွက်ပေးတာဖြစ်ပြီး၊ အဆိုပါ လုပ်ငန်းစဉ်တွေဟာ ပြည်နယ်ရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ဒေသတွင်း ပြောင်းလဲမှုတွေအတွက် အများကြီး အထောက်အကူပြုမယ်လို့ Lengpui လေဆိပ်ကို ရောက်ရှိချိန်မှာ ဝန်ကြီး Scindia က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စုဝန်ကြီး Scindia ဟာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Lalduhoma နဲ့အတူ အိုက်ဇောလ် (Aizawl) မြို့ အနောက်ဘက်စွန် Tuivamit ဒေသမှာ လူငယ်တွေအတွက် အရှေ့မြောက်ဒေသဆိုင်ရာ အိုက်ဇောလ် အနုပညာနှင့် ဂီတသိပ္ပံကျောင်း (Aizawl Institute of Arts and Music) ကို ဖွင့်လှစ်ပေးခဲ့သလို၊ စုစုပေါင်း တန်ဖိုး ရူပီး သန်း ၃,၅၀၀ ခန့်ရှိတဲ့ စီမံကိန်းသစ် ၉ ခုအတွက်လည်း အွန်လိုင်း (virtual) ကတစ်ဆင့် အခြေခံအုတ်မြစ် ပန္နက်တင် မင်္ဂလာကို ပြုလုပ်ပေးခဲ့ပါတယ်။

ဗဟိုအစိုးရက အကောင်အထည်ဖော်မယ့် အဆိုပါ စီမံကိန်းသစ်တွေထဲမှာ Daido – Vangkawt လမ်းပိုင်း အဆင့်မြှင့်တင်ရေး၊ ၁၃၂ ကေဗွီ (132 kV) လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းတည်ဆောက်ရေး၊ North Vanlaiphai ဒေသ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး စီမံကိန်းတွေနဲ့ မြို့ပြ/ကျေးလက် လူထုအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။

အခုလို စီမံကိန်းတွေ ချထားပေးတာဟာ မီဇိုရမ်ပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံနဲ့ ယဉ်ကျေးမှုကဏ္ဍတွေအပြင် ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးအတွက်ပါ ဗဟိုအစိုးရရဲ့ ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်တယ်လို့ မီဇိုရမ်ဒေသတွင်းသတင်းဌာနတွေကဖော်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *