
တော်လှန်ရေး ၄ နှစ်တာကာလအတွင်း CDF – Zophei က ရဲဘော် စုစုပေါင်း ၁၆ ဦး ကျဆုံးခဲ့ပြီး ရဲဘော်များစွာ ထိခိုက်ဒဏ်ရာရခဲ့ကာ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတယ်လို့ ထန်တလန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF – Zophei တည်ထောင်တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ်အနေနဲ့ CDF-Zophei က ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်ဖို့ CDF – Zophei ကို တည်ထောင်ခဲ့တာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးခရီးရှည်မှာ အဘက်ဘက်ကပံ့ပိုးကူညီခဲ့ကြတဲ့ ပြည်တွင်းပြည်ပရှိ ပြည်သူထုအားလုံးပေါ် ကျေးဇူးတင်ရှိတဲ့ကြောင်းနဲ့ မဟာမိတ်ကောင်းပီသစွာ ရပ်တည်ပေးကြတဲ့ မဟာမိတ်အဖွဲ့အစည်း အားလုံးအပေါ် အထူးကျေးဇူးတင်ရှိကြောင်းနဲ့ ရှေ့ဆက်ပြီး တော်လှန်းရေးလုပ်ငန်းတွေကို အတူလက်တွဲ ဆောင်ရွက်သွားလိုကြောင်းကိုလည်း CDF – Zophei ကဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး စစ်မှန်တဲ့ လွတ်လပ်ရေးရရှိတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်လို့ ပြည်တွင်းပြည်ပ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ ဆုတောင်းခြင်းဖြင့်လည်းကောင်း၊ အလှူငွေအားဖြင့်လည်းကောင်း ပါဝင်ကူညီပေးကြဖို့ကိုလည်း CDF – Zophei က တိုက်တွန်းထားပါတယ်။