
ဖေဖော်ဝါရီလ ၂၀ ရက်။
မတူပီမြို့နယ်မှာ Chinland Council (CC) ကိုထောက်ခံတဲ့ ကျေးရွာ နေပြည်သူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်နဲ့ အထူးသဖြင့် မတူပီမြို့ပေါ်ဝင်ခွင့်တွေကို CDF-Matupi (တပ်မဟာ ၁)က ပိတ်ပင်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ CDF-Matupi (တပ်မဟာ ၂)က ပြန်ကြားရေးတာဝန်ခံ Ko Nai John Kim ကပြောပါတယ်။
“သူတို့ဘက်ကပိတ်တာက မတူပီနဲ့ ပလက်ဝလမ်းကို သူတို့လူကသွားလို့ရတယ် ချင်းလဲန်းကောင်စီကိုထောက်ခံတဲ့ ပြည်သူတွေကို လွတ်လပ်စွာသွားလာခွင့်မပေးဘူးပေါ့ CB ထောက်ခံသူကိုတော့ လွတ်လပ်စွာသွားလာခွင့်ပေးထားတယ် ဒါပေမယ့် CC ထောက်ခံသူတွေကို လွတ်လပ်စွာသွားလာပိုင်ခွင့်တွေ ဈေးဝယ်ခွင့်တွေပိတ်တာပေါ့ ဘယ်လမ်းကိုပိတ်တယ်ဆိုတာမျိုးမဟုတ်ဘဲ CC ထောက်ခံသူတွေက ဘယ်လမ်းကိုမဆို လွတ်လပ်စွာသွားလာပိုင်ခွင့်မရှိဘူး ဈေးဝယ်ခွင့်တွေမရှိဘူး အဓိကတော့ မြို့ပေါ်တက်ခွင့်၊ ဝင်ခွင့်လုံးဝမပေးဘူး” Ko Nai John Kim ကပြောပါတယ်။
၂၀၂၄ခုနှစ်၊ ဇွန်လ၂၀ ရက်ကတည်းက CDF-Matupi (တပ်မဟာ ၂) က ပိတ်ထားတဲ့ မတူပီ – ဟားခါးလမ်း၊ မတူပီ – လိုင်လဲန်ပီလမ်း၊ မတူပီ – ပလက်ဝလမ်း ကို ချင်းအမျိုးသားနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစလို့ အများပြည်သူတွေ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ပြုထားပြီလို့ CDF-Matupi (တပ်မဟာ ၂) က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ပက်သက်ပြီး CDF-Matupi (တပ်မဟာ ၁) ပြန်ကြားရေးတာဝန်ခံ Ko Boi Uk က “ တပ်မဟာ (၂) ထုတ်ပြန်ချက်ရဲ့ နံပတ်နှစ်အချက်မှာပေါ့လေ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်ကတည်းကနေ မနေ့ကအထိ လမ်းပိတ်ပင်ပြီးမှ အကြောင်းမကြားရင်တော့ ပစ်မယ်ခတ်မယ်ဆိုတာမျိုးကို တပ်မဟာ (၂) ဘက်က သူတို့ထုတ်ပြန်တဲ့ဟာကို မနေ့ကမှ ရုတ်သိမ်းလိုက်တာဖြစ်ပါတယ် ဆိုတော့ ဒီမတိုင်ခင်မှာ တပ်မဟာ (၂) အနေနဲ့ သူတို့ထုတ်ပြန်ချက်အရ လမ်းတွေကစပိတ်ပင်မယ်ဆိုတဲ့ဟာမျိုးကို ထုတ်ပြန်ထားတာရှိပါတယ် ကျနော်တို့ တပ်မဟာ (၁)အနေနဲ့အဲလိုမျိုးထုတ်ပြန်ထားတာမျိုးမရှိပါဘူး” လို့ပြောပါတယ်။
CDF-Matupi (တပ်မဟာ ၂) က ပိတ်ထားတဲ့လမ်းတွေပြန်ဖွင့်တာနဲ့ပတ်သက်ပြီး CDF-Matupi (တပ်မဟာ ၂) ပြောရေးဆိုခွင့်ရှိသူ Ko Nai John Kim က “အခုမှ တရားဝင်ဖွင့်တာပေါ့ အရင်က လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ထားတာဖြစ်တယ် အဲဒီတုန်းက အချင်းချင်းမှာ ပစ်ခတ်မှုတွေကဖြစ်လာတဲ့အခါမှာ ပိတ်ပင်တာဖြစ်တယ် ပြောရရင်ဒီလမ်းတွေက တပ်မဟာ(၂) ထိန်းချုပ်နယ်မြေမှာ ရှိတာဖြစ်တဲ့အတွက်ကြောင့် ဒီဟာကိုပြန်လည်ပြီး ဖွင့်ပြီ မြို့အနီးနားမှာတော့ တပ်မဟာ (၁)က နေရာယူပေမယ့် အများအားဖြင့် မတူပီ – ဟားခါးလမ်းဆို ဂန့်ဂေါဘက်ကနေ တက်လာမယ့်ကားတွေပါ အခုပြန်ပြီးခွင့်ပြုပေးတာပါ တခြားလမ်းတွေလည်းအပါအဝင်ပေါ့” လို့ပြောပါတယ်။
မတူပီမြို့နယ်အတွင်းမှာ Chinland Council (CC) အဖွဲ့ဝင်ဖြစ်တဲ့ CDF-Matupi (တပ်မဟာ ၂)ရှိသလို ချင်းညီနောင်(CB)အဖွဲ့ဝင် CDF-Matupi(တပ်မဟာ ၁) တပ်ဖွဲ့လည်းရှိပြီး နှစ်ဘက်အဖွဲ့အကြား ပွတ်တိုက်မှုတွေကြောင့် ယနေ့တိုင်ပြည်သူတွေ လွတ်လပ်စွာသွားလာခွင့်၊ နေထိုင်ခွင့်မရှိတာ စိတ်မကောင်းတဲ့အကြောင်း CDF-Matupi (တပ်မဟာ ၂) ဘက်ကထုတ်ပြန်ထားပါတယ်။
မတူပီမြို့ကို CDF-Matupi (တပ်မဟာ ၁) ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီးနောက် မတူပီမြို့အုပ်ချုပ်ရေးတွေကိုလည်း CDF-Matupi (တပ်မဟာ ၁) က ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။
