Headlines

ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ အဖမ်းဆီးကြမ်းနေပြီး ကားနဲ့တိုက်ပြီး ဖမ်းဆီးတာမျိုးလည်း လုပ်ခဲ့တယ်လို့ သိရ

OLYMPUS DIGITAL CAMERA

ဖေဖော်ဝါရီလ ၂၈ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ယခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းအတွက် လူငယ်တွေကို အဖမ်းဆီးကြမ်းနေပြီးမနေ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လမ်းသွားလမ်းလာ ဆိုင်ကယ်နဲ့သွားတဲ့ လူငယ် ၁ ဦး ကိုအိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးတာမျိုး စစ်ကောင်စီတပ်ဖွဲ့က လုပ်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

ကလေးမြို့ပေါ်က ချမ်းမြေ့အောင်စီနဲ့ ပင်လုံလမ်းမတော်ရပ်ကွက်ဘက်မှာ မနေ့က ဆိုင်ကယ်နဲ့ သွားနေတဲ့ လူငယ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက Probox ကားနဲ့ တိုက်ပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးခဲ့သလို မနေ့က တစ်ရက်ထဲ လူငယ် ၈ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတယ်လို့ သိရပေမယ့် တခြားရပ်ကွက် အဖမ်းအဆီးစာရင်းတော့ မသိရသေးဘူးလို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးမြို့နေဒေသခံတစ်ဦးက “မနေ့ကတော့ ချမ်းမြေ့အောင်စီနဲ့ ပင်လုံလမ်းမတော်ဘက်မှာ ဆိုင်ကယ်နဲ့သွားနေတဲ့သူကို brobox ကားနဲ့တိုက်ပြီးတော့ စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ် မနေ့ကတစ်ရက်ဘဲကို အဲဒီချမ်းမြေ့အောင်စီနဲ့ ပင်လုံဘက်ကို ၈ ယောက်လောက်ပါတယ်လို့ပြောတယ် အဲဒီဖမ်းခံရသူတွေထဲ ပြန်ရွေးလို့ပြန်ရတာမျိုးတွေရှိခဲ့တယ် သိန်းသုံးဆယ်နဲ့ ရွေးလို့ရခဲ့တာလည်းရှိတယ် တော်တော်များများကိုတော့ ရွေးလို့မရခဲ့ကြဘူးပေါ့ တခြားရက်ကွက်တွေက လူစာရင်းမပါသေးဘူးပေါ့ မနေ့က စိမ်းလန်းဈေးညနေဈေး မှာလည်း ဖမ်းတယ်လို့ သိရတယ် လူငယ်တော်တော်များများအပြင်မထွက်ရဲကြတော့ဘူးပေါ့ အသက်မပြည့်သေးတဲ့ ကလေးကိုလည်း မိဘတွေက မလွှတ်ရဲတော့တဲ့ အခြေနေရှိတာပေါ့ ယောကျာ်းသား အသက်မပြည့်သေးတဲ့ ကလေးတွေအတွက်လည်း မိဘတွေ စိုးရိမ်နေကြတာပေါ့” လို့ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၀ အထိ ဖွင့်လှစ်နေပြီဖြစ်ပြီး လာမယ့်ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ အတွက် နိုင်ငံအနှံ့မှာ စစ်ကောင်စီရဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လူသစ်စုဆောင်းမှုတွေ စတင်လုပ်ဆောင်လာနေပြီလို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် (၆) ကနေ အပတ်စဉ် (၉)အထိ ကလေးမြို့နယ်က စစ်မှုထမ်းအတွက် လူငယ် ၁၈၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *