Headlines

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေဟာ ခွင့်ပြုမိန့်မရပဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိဘူးလို့သိရ

ဇန်န၀ါရီလ ၂၄ ရက်။

မနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထဲမှာ စစ်မှုထမ်းဖို့ အမိန့်စာဆင့်ခေါ်ခံရသူတွေဟာ ခွင့်ပြုမိန့်မရပဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိဘူးလို့ပြဌာန်းထားကြောင်း သိရပါတယ်။

စစ် ကောင်စီက ဇန်နဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ ပုဒ်မ – ၅၉ ခုပါဝင်ပြီး ပုဒ်မ – ၅၀ မှာ စစ်မှုထမ်းဖို့ ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံ တွေကို ထွက်ခွာခွင့် မရှိစေရ ဆိုပြီး ပြဌာန်း ထားတာဖြစ်ပါတယ်။

ပုဒ်မ – ၅၁ မှာ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းစစ်ကောင်စီက ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့နောက်ဆက်တွဲအဖြစ် နည်းဥပဒေကို ၁ နှစ်ခန့်အကြာမှာ ဆက်လက်ပြဌာန်းခဲ့ခြင်းဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများဟာ ရပ်ကွက်နှင့်ကျေးရွာများအတွင်းမှ စစ်မှုထမ်းရန်အသက်ပြည့်သူများကို စာရင်းကောက်မည်ဖြစ်ပြီး ထိုသူတို့ကို မြို့နယ်အဆင့်မှာစုစည်းပြီး ဆေးစစ်မည်ဖြစ် ကြောင်း၊ထို ဆေးစစ်ထားသူများထဲမှကျန်းမာပြီးဆေး အောင်သူများကို စစ်မှုထမ်းရန်အတွက် မှတ်ပုံတင်သွင်းမှာဖြစ်ပါတယ်။

ဆေးအောင်သူများဟာ စစ်မှုထမ်းရန်အတွက် စောင့်ဆိုင်းနေရမည်ဖြစ်ပြီး စစ်သင်တန်းတက်သည်ဖြစ်စေ၊ စစ်သင်တန်းမတက်ရောက်သေးဘဲ အရပ်သားအဖြစ် နေထိုင်သည်ဖြစ်စေ ခွင့်ပြုချက်မရှိပဲ နိုင်ငံရပ်ခြားသို့ သွားလာခွင့်မရှိကြောင်း ပြဌာန်းထားပါတယ်။

၂၀၂၄ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်ပါတယ်။

အရေးပေါ်အခြေအနေ သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင် ကြောင်းပြဌာန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ၂၀၂၄ ခုနှစ် မတ်လကုန်ကနေ စတင်ပြီး စစ်မှုထမ်းအပတ်စဉ်သင်တန်းတွေကို လစဉ်နီးပါး ဆက်တိုက်ဖွင့်လှစ်ခဲ့ပြီး လက်ရှိ ဇန်န၀ါရီလမှာ ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ စစ်မှုထမ်းအပတ်စဉ် (၉) အတွက် နိုင်ငံအနှံမှာ လူငယ်များကိုပစ်မှတ်ထားဖမ်းဆီးခဲ့တဲ့သတင်းတွေ၊တိုင်းနဲ့ ပြည်နယ် တချို့မှာ စစ်သား စုဆောင်းမှုတွေအတွက် ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေက ဖိအားပေးမှုတွေလုပ်နေတဲ့သတင်းများစွာထွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *