Headlines

Chinland Council အဖွဲ့ဝင်၊တွန်းဇံမြို့နယ်ကောင်စီဥက္ကဌပူးထန်ဆွင်းမုန်နဲ့အင်တာဗျူး

ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်ပေါင်းစုက ချင်းပြည်နယ်မြောက်ပိုင်းရှိကျီခါးမြို့နှင့်တွန်းဇံမြို့ကို မေ ၁၅ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ကျီခါးမြို့ကို ချင်းတော်လှန်ရေးအင်အားစုများက မေ ၁၉ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ တွန်းဇံမြို့နယ်ကို မေလ ၂၃ ရက် မှာ ချင်းတော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။တွန်းဇံမြို့ကို သိမ်းပိုက်ခဲ့ပြီးေ နာက် ၂ လ နီးပါးအကြာ ယခုလက်ရှိ တွန်းဇံမြို့အ ခြေ အ နေနဲ့တွန်းဇံမြို့ကို ဘယ်လိုအုပ်ချုပ်စီမံ နေလဲဆိုတာကို Chinland Council အဖွဲ့ဝင်၊ CDF-Tonzang စစ်ဦးစီးချုပ်၊ Tonzang Township Council ဥက္ကဌ ပူးထန်ဆွင်းမုန် နှင့် တွန်းဇံမြို့နှင့် ပတ်သက်သော အရေးကိစ္စများကို Chin World Media က ဇူလိုင် ၁၇ ရက်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- လက်ရှိမှာ တွန်းဇံမြို့ နှင့် မြို့နယ်ကို ဘယ်လို ပုံစံ မျိုးနှင့် စီမံ အုပ်ချုပ်နေပါသလဲ

ဖြေ- Chinland Council မှာပါဝင်တဲ့ အဖွဲ့ဝင်တွေက CNA နှင့် CDF-Tonzang တို့ရဲ့ ဦးဆောင်မှု နှင့် တွန်းဇံမြို့သိမ်း တိုက်ပွဲကို ဖော်ဆောင်ခဲ့ပြီး SAC နှင့် ZRA စစ်တပ်တွေကို တိုက်ထုတ်ကာ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ခဲ့ ပါတယ်။ အခုမှာတော့ တွန်းဇံမြို့နယ်ကောင်စီ က တွန်းဇံမြို့နယ်ကို အုပ်ချုပ်နေပါတယ်။ မြို့နယ် အတွင်းရှိ ကျေးရွာ ၃၀ ကျော်မှာ အုပ်ချုပ်ရေးမှူးတွေကို ခန့်အပ် နိုင်ခဲ့ပါပြီ။ တွန်းဇံမြို့နယ်ကောင်စီဝင် ၆ ဦး နှင့် ဌာန ၆ ခုခွဲပြီး အုပ်ချုပ်ရေးကို ဖော်ဆောင်နေပါတယ်။ ဒီကနေ့မှာလဲ မြို့နယ်ကောင်စီရဲ့ တတိယကြိမ်မြောက် အစည်းအဝေးကို လည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။ အမှုကိစ္စအများကြီး ဆွေးနွေး ဆုံးဖြတ် နိုင်ခဲ့ပါတယ်။ အုပ်ချုပ်ရေး ယန္တရားက လည်ပတ်နေပါပြီ။ ကောင်းကောင်းမွန်မွန် စီမံအုပ်ချုပ်လို့ ရပါပြီ။

ပညာရေး နှင့် ပတ်သက်ရင် တချို့ ကျေးရွာတွေမှာ ကျောင်းကို စတင်ဖွင့်လှစ် နိုင်ခဲ့ ပါပြီ။ တွန်းဇံမြို့ပေါ် မှာတော့ Seventh Day Adventist အသင်းတော်ရဲ့ ကျောင်းကိုပဲ ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ အစိုးရ ကျောင်းမှာတော့ ကျောင်း မဖွင့်နိုင်သေးဘူး။ ဆေးရုံကို တော့ အခုချိန်ထိ မဖွင့်နိုင်သေးဘူး။

အုပ်ချုပ်ရေးမှာတော့ တွန်းဇံမြို့နယ်ကို တိုက်နယ် ၆ ခုနဲ့ ခွဲထားခဲ့ပါတယ်။ Phaitu တိုက်နယ်ကောင်စီ၊ Lungtak တိုက်နယ် ကောင်စီ၊ Sialthawzang တိုက်နယ် ကောင်စီ၊ Gamngai တိုက်နယ် ကောင်စီ၊ Khuaivum တိုက်နယ် ကောင်စီ၊ Haiciin တိုက်နယ် ကောင်စီ ဆိုပြီး သတ်မှတ် ထားပါတယ်။ မြို့ပြ နှင့် ပတ်သက်ပြီးတော့ တွန်းဇံမြို့ပေါ် ကောင်စီ နှင့် ကျီခါးမြို့ပေါ် ကောင်စီ ဆိုပြီး သတ်မှတ် ထားပါတယ်။ ကျီခါးမြို့ပေါ်မှာတော့ အုပ်ချုပ်ရေး ဖွဲ့စည်းတည်ဆောက်ခြင်း မလုပ်ဖြစ်သေးဘူး။ တွန်းဇံမြို့ကို တော့ အရင်က ရပ်ကွက် နှစ်ခု နှင့် တည်ဆောက်ခဲ့ ပေမယ့် အခုတော့ ရပ်ကွက် ငါးခု သတ်မှတ် အုပ်ချုပ်ထားပါတယ်။ အမှတ် (၁)ကို Saimual ရပ်ကွက်၊ အမှတ် (၂)ကို မြို့မ ရပ်ကွက်၊ အမှတ် (၃)ကို Maimualရပ်ကွက်၊ အမှတ် (၄)ကို Khuavung Leisan ရပ်ကွက်၊ အမှတ် (၅) ကို Khualai Gozang ရပ်ကွက် ဆိုပြီး သတ်မှတ် ခဲ့ပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၅ ဦး ခန့်ပြီးတော့ ဥက္ကဌ တစ်ဉီး ရွေးချယ်ကာ မြို့ပေါ် ကောင်စီကို ဖွဲ့စည်းခဲ့ ပါတယ်။အခုချိန်မှာတော့ တွန်းဇံမြို့နယ်ကို အခိုင်အမာ ဖွဲ့စည်း လိုက်ပြီ လို့ ပြောကြားလိုပါတယ်။

မေး- CDF-Tonzang က ဇူလိုင်လ ၂၀ ရက်နေ့ထိ အိမ်ပိုင်ရှင်များ အနေဖြင့် ပြန်လာခြင်း မရှိပါက နေအိမ်တွေကို ချိတ်ပိတ်ပြီး သိမ်းမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။ အဲ့တာ နှင့် ပတ်သက်ပြီး ပြောပြပေးပါအုံး။

ဖြေ- အဲလိုမျိုး ကျ နော်တို့ဘက်ကနေ ကြေငြာတာမျိုး မရှိပါဘူး။ ဘယ်သူတွေပြောတာလဲ။

မေး- အွန်လိုင်းပေါ်မှာတော့ ပြန့်နေတယ်နော်။

ဖြေ- အဲလိုမျိုး ကြေငြာတာတော့ မရှိသေးပါဘူး။ အဲကိစ္စကို ဒီကနေ့ မြို့နယ်ကောင်စီရဲ့ တတိယ အကြိမ် အစည်းအဝေးမှာတော့ ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ ကျေးရွာ ၃၀ ကျော်က အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင် ဆွေးနွေးကြတော့ ပြည်သူတွေ အများကြီးက မပြန်နိုင်သေး ပေမယ့် ပြန်လာ ချင်ကြမှာ ဖြစ်တဲ့ အတွက် ချိတ်ပိတ်ပြီး သိမ်းတာမျိုး မလုပ်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ ပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြန်မလာနိုင်သေးတဲ့ သူတွေ အနေနဲ့ ပြန်မလာ နိုင်တဲ့အကျိုးအကြောင်းရယ်၊ ပြန်လာနိုင်မယ့် နေ့ရက်ရယ် ကို CDF-Tonzang ဆီ၊ မဟုတ်ရင် Tonzang Township Council ဆီမှာ တင်ပြ အကြောင်းကြား ကြဖို့ အတွက် ကြေငြာသွားမယ်။ အဲလိုမျိုး အကြောင်းမကြားဘူး ဆိုရင်တော့ ZRA Supporter အနေနဲ့ သတ်မှတ်သွားဖို့ ရှိတယ်။ ဒီကနေ့ အစည်းအဝေးမှာပဲ ဆွေးနွေး ဆုံးဖြတ်ခဲ့တာပါ။ ပြန်မလာတဲ့သူတွေရဲ့ အိမ်ကို ချိတ်ပိတ် ပြီး သိမ်းသွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး မရှိပါဘူး။

မေး- CDF-Tonzang အနေနဲ့ ဖြစ်ဖြစ်၊ Tonzang Township Council အနေနဲ့ ဖြစ်ဖြစ် နေအိမ် ချိတ်ပိတ်ပြီး သိမ်းသွားတာမျိုး ရှိလား။ ဘယ်နအိမ်လောက် ရှိမလဲ။

ဖြေ- နေအိမ် ချိတ်ပိတ်ပြီး သိမ်းတာ ရှိပါတယ်။ Tonzang Township Council ကိုတော့ အဲတာတွေ လုပ်ဆောင်ဖို့ တာဝန်ရော၊ အာဏာပါ အပ်နှင်း မထားပါဘူး။ သူတို့က အုပ်ချုပ်ရေး ပိုင်းကို တာဝန်ယူ ရတာပါ။ စစ်ရေး အရ လုပ်တာပါ။ ZRA အဖွဲ့ဝင်တွေနှင့် ZRA Supporter တွေရဲ့ နေအိမ်တွေကို CDF-Tonzang အနေနဲ့ ချိတ်ပိတ်ပြီး သိမ်းထားတာပါ။ Thawnpu အိမ်ဆိုရင် သူ့မိန်းမက အိမ်ထဲ ဝင်သွားတော့ ဖမ်းခဲ့ရတာပါ။ သူ့အနေနဲ့ ဝန်ခံကတိ လက်မှတ်ထိုးသွားရင် သူ့မိန်းမကို ပြန်လွှတ်ပြီး နေအိမ်ကို လည်း ပြန်အပ်ဖို့ ရှိတယ်။ ZRA အမာခံ ဖြစ်တဲ့ Pau Sian Sang ရဲ့ နေအိမ်၊ ဟိုင်းကျင်း ရွာသား အင်ဂျင်နီယာ တစ်ဦး ဖြစ်တဲ့ Masang ရဲ့ ကုမ္ပဏီလည်း စသည်ကို ချိတ်ပိတ် ထားတယ်။အရင်တရားရေးရုံးနားက Vaite တို့ နေအိမ်၊ Thang Khua Lian နေအိမ်၊ Thawnpu ရဲ့ညီ Ginneu ချင်းတောင်တန်း ဂိတ်မှူးရဲ့နေအိမ်၊ အငြိမ်းစား ပြည်သူ့ရဲ တစ်ဉီး ဖြစ်တဲ့ Sia Pau နေအိမ် နှင့် သူတို့ အိမ်နား က အိမ် တစ်ခု၊ Phaitu Lang Mang ရဲ့နေအိမ် စတဲ့ ZRA Supporter အမာခံတွေရဲ့နေအိမ် တွေကို ချိတ်ပိတ်ထားတယ်။ ZRA နှင့် SAC အတွက် စစ်မှုထမ်းမယ့် လူစာရင်း လိုက်ကောက်ပေးတဲ့ မီးသတ်တပ်ဖွဲ့က Sing Suan Khai နေအိမ်၊ ပြန်ကြားရေးမှာ လုပ်တဲ့ သူ့ရဲ့ အစ်ကို Khuppi ရဲ့နေအိမ် စသဖြင့် ချိတ်ပိတ်ထားတယ်။ မြို့ရဲ့ အောက်ဘက်က မွာလ်ပီး ရွာသား ZRA Supporter အမာခံ တစ်ဦးရဲ့ တိုက်အိမ် တစ်ခု လည်း ချိတ်ပိတ် ထားတယ်။ စိုက်ပျိုးရေး ရုံးဘက်မှာလည်း အိမ်တစ်လုံး ချိတ်ပိတ်ထားတယ်။

Pu Khampi ရဲ့ နေအိမ်ကိုတော့ ကျွန်တော်တို့ ပြန်ပေးလိုက်တယ်။ အလှူလာခံတော့ ပေးတာပဲ ရှိတယ်။ Supporter မဟုတ်ဘူး လို့ ပြောတော့ ချိတ်ပိတ်တာကို ရုပ်သိမ်းပြီး ပြန်ပေးလိုက်တာပါ။ ပြီးတော့ Tuitum ရွာသား Dai Khan Mung ကလည်း ZRA တွေကို လမ်းပြဦးဆောင်ပြီး သူရဲ့ သမီးကိုယ်တိုင် ZRA တပ်ဖွဲ့ဝင် ဖြစ်နေတော့ သူတို့ နေအိမ်ကို လည်း ချိတ်ပိတ် လိုက်ရတယ်။ Tuitum ရွာသား Mangpi ရဲ့ နေအိမ်လည်း ချိတ်ပိတ် ထားတယ်။ Lianngek ဆိုရင် ကျွန်ုပ်တို့ အမျိုး ဖြစ်ပေမယ့် ကိုယ်တိုင် ပါဝင်တော့ သူ့အိမ်လည်း ချိတ်ပိတ် ရတယ်။ စည်ပင်ရုံး ရှေ့က ZRA Eastern Commander, Kham Min Thang ရဲ့ ညီရဲ့အိမ် နှင့် အစ်မရဲ့ အိမ် ကိုလည်း ချိတ်ပိတ် ထားတယ်။ Tuitum လမ်းခွဲနားက Lucas Tuang ရဲ့ နေအိမ်လည်း ချိတ်ပိတ်ထားတယ်။ သူကတော့ CDF-Tonzang ကို လာတိုက်တုန်းက ဦးစီးတဲ့ လူလေ။ ကျ နော်တို့သတ်မှတ်ထားတဲ့ ဒဏ်ကြေး ပေးဆောင်ရင်တော့ ပြန်ပေးမယ်။

ကျ နော်တို့အနေနဲ့ ZRA Supporter တွေရဲ့ နေအိမ်တွေကို မဖြစ်မနေ ချိတ်ပိတ်ပြီး သိမ်းဖို့လိုတယ်။ ဘာကြောင့်လဲ ဆိုတော့ တွန်းဇံမှာ သူတို့တွေ မရှိရင် ZRA တွေ အင်အားကြီးနိုင် စရာ အကြောင်း မရှိဘူးလေ။ အဲတာကြောင့် ချိတ်ပိတ်တာပါ။ ZRA နဲ့ မသက်ဆိုင်ဘူး ဆိုရင်ဘာမှ ဘာဒဏ်ကြေး မှလည်း မတပ်ဘူး။ မလုပ်ဘူး။

မေး-အခုလို ချိပ်ပိတ်ထားတဲ့ နေအိမ် ဘယ် နလုံးလောက် ရှိမလဲ။

ဖြေ- ကျ နော့်မှာတော့ အရေအတွက် အတိအကျတော့ လက်တန်း မပြောနိုင်ဘူး။ နေအိမ် ၁၀ လုံး ကျော်တယ်။ ထပ်သိမ်းဖို့လည်း ရှိသေးတယ်။ Thawnpu တို့ဆိုရင် သူက ZRA အမာခံ မလုပ်တော့ဘူး လို့ ခံဝန် လက်မှတ် လာမထိုးရင် ပြန် ချိပ်ပိတ်ပြီး သိမ်းဖို့ ရှိတယ်။ အမြန် မလာရင်ပေါ့။ အဲလိုရှိတယ်။

မေး- CDF-Tonzang က မြို့ခံတွေကို ဖမ်းပြီး ဒဏ် ကြေးလိုက်တောင်းနေတယ် ဆိုတဲ့ သတင်း ကကော။

ဖြေ- ZRA အမာခံ အုပ်စုတွေ၊ ပတ်သက်တဲ့ သူတွေကို လုပ်တာပါ။ Koppi ဆိုရင် သေချာတယ်လေ။ သူ့ညီဆို ZRA Supporter အမာခံ ဆိုတော့ ဒဏ်ကြေး ပေးဆောင်စေပြီးတော့ ပြန်လွှတ်ပေး လိုက်တယ်။ Mualkawi ရွာသား၊ JCB နောက်လိုက်တဲ့လူ ဆိုရင် ကျ နော်တို့ဖမ်းထား ပေမယ့် တစ်ကျပ်မှ မယူဘဲ ပြန်လွှတ်ပေးခဲ့တယ်။ Gamlai ရွာသား စိုက်ပျိုးရေးမှာ နေထိုင်တဲ့ တစ်ယောက်ဆို လာတိုင် ကြတော့ ဖမ်းခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ကျပ်မှ မယူဘူး။ ZRA နဲ့ မသက်ဆိုင်၊ မပတ်သက်တော့ ဒဏ်မရိုက်ဘူး။ ZRA နဲ့ မပတ်သက်တော့ ဖမ်းထားပေမယ့် ဒဏ်မရိုက်ဘဲ ပြန်လွှတ်ပေးထားတာ လေးယောက် လောက်ရှိတယ်။

ZRA နဲ့ ပတ်သက်ပြီး ကျ နော်တို့နစ်နာတာ အတော်များပြီလေ။ တပ်ဖွဲ့ဝင် နှစ်ယောက်ရဲ့ အသက်ကို ပေးလိုက်ရတယ်။ သူတို့ ဝင်စီးလို့ ဆုံးရှုံးခဲ့တဲ့ ပစ္စည်းဉစ္စာ၊ ငွေကြေးက မနည်းဘူးလေ။ သူတို့မရှိရင် အဲလို သေဆုံးစရာ၊ ဆုံးရှုံးစရာတွေ ရှိမှာ မဟုတ်ဘူးလေ။ ZRA အဖွဲဝင်နဲ့ Supporter တွေကို တော့ ဖမ်း နိုင် သလောက် ဖမ်းမယ်။ သတ်ဖို့တော့ မရှိဘူး။ ကျ နော်တို့ကတော့ သူတို့ကို သတ်ဖို့ အစီအစဉ်မရှိဘူး ဆိုတာလည်း ပြောချင်တယ်။ သူတို့ကို ဖမ်းမယ်။ ဝန်ချတောင်းပန် ခိုင်းပြီး အလင်းဝင် ခိုင်းမယ်။ ပြီးရင် လျော်ကြေး တောင်းမယ်။ ငြိမ်းချမ်းရေးလုပ်ပြီးတော့ ပြန်လွှတ်ပေးမယ်။ မတရားဖမ်းဆီးတာမျိုးတော့ မလုပ်ဘူး။ ဒါပေမယ့် ZRA Supporter ဆိုရင်တော့ တွေ့တဲ့ နေရာမှာ လိုက်ဖမ်းမယ်။ မီးသတ်က Sing Suan Khai ဆိုရင် Tungtuang မှာရှိတယ်။ သူကို လိုက်ဖမ်းရမယ်။ ဒဏ်ကြေး ဆောင်ခိုင်းပေးမှ ပြန်လွှတ်ပေးမယ်။ ဘာကြောင့်လဲ ဆိုတော့ ZRA နှင့် SAC အတွက် စစ်တပ် စုဆောင်းရေး အတွက် လုပ်ပေးတဲ့ အမာခံလူတွေလေ။ ZRA ဖြစ်ဖြစ်၊ SAC ဖြစ်ဖြစ် တခုခု နဲ့ ပတ်သက်ရင် ကျ နော်တို့ ကတော့ လိုက်ဖမ်း မှာပဲ။

မေး- CDF-Tonzang ကနေ CNA မှာ သင်တန်းတက်တဲ့ လူတွေ ပြန်လာကြတယ်လို့ ဖော်ပြထားတာ တွေ့ရတယ်။ သင်တန်းဆင်းလို့ ပြန်လာတဲ့ ဦးရေ ဘယ်လောက်လောက် ရှိမလဲ။

ဖြေ- ယောင်္ကျားလေး ၄၀ ကျော်၊ မိန်းကလေး ၁၂ ယောက် ဖြစ်တယ်။ အားလုံး ပေါင်း ၅၀ ကျော်ပေါ့။ ကျန်းကျန်းမာမာ နဲ့ ပြန်ရောက်လာ ကြပါတယ်။ CDF-Tonzang တပ်ရင်း (၁) ကနေ ၂၀ ကျော်၊ တပ်ရင်း (၂) ကနေ ၂၀ သွားရောက် သင်တန်း တက်ခဲ့တာပါ။CNF/A တွေ ပေးတဲ့ သင်တန်းပါ။ ကျ နော်တို့အနေနှင့် သူတို့ဆီ သင်တန်း တက်တာ နှစ်ကြိမ် သုံးကြိမ် မက ရှိပြီလေ။ အခုဟာ နဲ့ဆို လေးကြိမ်မြောက် တောင် ဖြစ်နေပြီ။ တသုတ်ရင် အနည်းဆုံး အယောက် ၄၀ စသဖြင့် သူတို့ဆီ သင်တန်း တက်ခဲ့တယ်။

မေး- တွန်းဇံမြို့သိမ်း တိုက်ပွဲ တုန်းက Cyclone Shelter ကနေ မထွက်ပြေး နိုင်တဲ့ လူ သုံးယောက်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပစ်သတ်တဲ့ ဗီဒီယိုဖိုင် ကိစ္စကို Chinland Council ဘက်ကနေ ဒေသမှာ လာစုံစမ်းတာမျိုး ရှိပြီလား။ CDF-Tonzang အနေနဲ့ ဖြစ်ဖြစ် Tonzang Township Council အနေနဲ့ ဖြစ်ဖြစ် စုံစမ်းတာမျိုး ရှိလား။

ဖြေ- အဲကိစ္စကိုတော့ ကျ နော်ကောင်းကောင်း မသိခဲ့ရဘူး။ ကျ နော်က ထောက်ပို့ဖက်မှာ တာဝန်ကျခဲ့တယ်။ အဆောက်အဦကို ရှင်းလင်းလိုက်တော့ အဲမှာ အလောင်း ရှစ်လောင်း ရှိတာ တွေ့ရတယ်။ ဗိုလ်မှူး တစ်ယောက်လည်း ပါတယ်။ ကျ နော် ကိုယ်တိုင် ပုပ်ပွနေတဲ့ အလောင်းတွေကို ဆွဲပြီးတော့ ရှင်းလင်းခဲ့ရတယ်။ လူငယ် ရဲဘော်တွေကတော့ ရွံနေကြတော့ အစမှာ မထိရဲ ကြဘူး။ တနေ့မှာ ကိုယ်တို့လည်း သေမယ့်လူ၊ ရွံနေလို့ မဖြစ်ဘူးလေ၊ ဆိုပြီး ကိုယ်တိုင် လုပ်ခဲ့တယ်။ အနိမ့်ဆုံးထိ ဆင်းပြီး လုပ်ခဲ့ရတာကိုလည်း ဒီနေရာ ပြောပြချင်တယ်။ ကျ နော်ကိုယ်တိုင် မြေမြှုပ် သဂြိုလ်ခဲ့တယ်။CDF-Tonzang ရော Tonzang Township Council ကိုပါ မေးမြန်းတာမျိုး မရှိပါဘူး။ ကျ နော်တို့ကိုလည်း စုံစမ်းခိုင်းတာမျိုးတော့ မရှိဘူး။ CDF-Tonzang က CNF/A ရဲ့ စစ်ရေး ခေါင်းဆောင်မှု အောက်မှာ နေတာ ဖြစ်တယ်။ စစ်ကြောင်း တစ်ခုမှာ ကျ နော်တို့တပ်ဖွဲ့ ကနေ ဘယ်လောက် ပါဝင် ရမယ် ဆိုတာမျိုး လောက်မှာ ပဲ ပါဝင်ခဲ့တာပါ။ အဖွဲ့ကတော့ စစ်ရေးဦးဆောင်တဲ့ အပိုင်းမှာတော့ မပါဘူး။ တိုက်ပွဲကာလမှာတော့ ကျ နော်တို့ တပ်ဖွဲ့ကနေ ၈ ယောက် ဒဏ်ရာ ရရှိခဲ့တယ်။ စစ်သုံးပန့် ဖမ်းတဲ့ အပိုင်းတို့ ရှင်းလင်းတဲ့အပိုင်းတို့မှာ ကျ နော်တို့က ခေါင်းဆောင်ပိုင်းမှာ မပါနိုင်ဘူး။ ကျ နော်တို့ရဲဘော်တွေက စစ်ဆင်ရေးတွေမှာ နောက်လိုက်တွေ ဖြစ်ပါတယ်။

မေး- တွန်းဇံမြို့နယ် ရဲ့ လက်ရှိ အခြေအနေ အသီးသီး နဲ့ ပတ်သက်ပြီးတော့ကော ဘာများ ပြောချင် ပါသလဲ

ဖြေ- တွန်းဇံမြို့နယ်ဟာ တွန်းဇံမြို့နယ်ကောင်စီ နှင့် CDF-Tonzang ရဲ့ အုပ်ချုပ်မှု အောက်မှာ ရောက်ရှိနေပြီ ဖြစ်တယ်။ စစ်ရေးမှာတော့ CNF/CNA ရဲ့ စစ်ရေး ခေါင်းဆောင်မှု အောက်မှာ နေခဲ့ရပါတယ်။ အုပ်ချုပ်ရေး မှာတော့ CDF-Tonzang ကနေ ဖွဲ့စည်းပေးခဲ့တဲ့ တွန်းဇံ မြို့နယ် ကောင်စီ အုပ်ချုပ်ရေး အောက်မှာ ရှိတယ် ဆိုတဲ့ အကြောင်း လူထုကို အသိပေးလို ပါတယ်။ZRA တပ်ဖွဲ့ဝင်များ နှင့် Supporter တွေကလွဲရင် မြို့သူမြို့သား ဘယ်သူမဆို စိတ်အေးလက်အေး နဲ့ တွန်းဇံ မြို့ထဲ ကို ဝင်ထွက် သွားလာ နေထိုင်လို့ ရပြီဖြစ်တယ်။ သူတို့ အနေနဲ့ အမှန်တရားကို မြင်ပြီးတော့ CDF-Tonzang ဆီမှာ အလင်းဝင်ရင်တော့ လျော်ကြေး အနေနဲ့ ဒဏ်ကြေး ဆောင်ခိုင်းပြီးတော့ ဝင်ရောက် နေထိုင်ခွင့် ပြုပါ့မယ်။ သူတို့ကြောင့် ကျ နော်တို့

အနေနဲ့ အသက်၊ သွေး၊ ငွေကြေး၊ ပစ္စည်းဥစ္စာများစွာ ဆုံးရှုံးခဲ့ရတဲ့ အတွက် သူတို့ စိုက်တဲ့ မျိုးစေ့ရဲ့ အသီးကို သူတို့ ခံရဖို့ လိုပါတယ်။ အဲလိုမျိုး မလုပ်ဘဲနဲ့ ဝင်လာရင်တော့ ဖမ်းခဲ့ရမှာပဲ။ZRA နဲ့ မပတ်သက်တဲ့ ပြည်သူလူထုတွေ အနေနဲ့ တွန်းဇံမြို့မှာ စိတ်ချလက်ချနဲ့ ပြန်လည် ဝင်ရောက် နေထိုင်လို့ ရပြီး ဖြစ်ပါတယ်။ ကျ နော်တို့အနေနဲ့ နွေးထွေးစွာနဲ့ ကြိုဆိုပါတယ်လို့ ပြောကြားချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *