
နိုဝင်ဘာလ ၂၅ ရက်။
မလေးရှားနိုင်ငံက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR) အဆင့်မြင့်အရာရှိတွေ ချင်းဒုက္ခသည်များဆိုင်ရာ မဟာမိတ်အဖွဲ့ ( ACR) ရုံးသို့ လာရောက်ပြီး ဒုက္ခသည်တွေရဲ့ အသံနဲ့ အခြေအနေကို နားထောင်ပေးခဲ့တာဟာ ဒုက္ခသည်အသိုင်းအဝိုင်းအတွက် အားတက်ဖွယ်ရာနဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေတယ်လို့ ACR အဖွဲ့က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ချင်းဒုက္ခသည်များဆိုင်ရာ မဟာမိတ်အဖွဲ့ ( ACR) ရုံးကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR) အဆင့်မြင့်အရာရှိတွေဟာ မနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့က လာရောက်ခဲ့ပြီး ဒုက္ခသည်အရေးဆွေးနွေးတာတွေပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံပွဲတွင် UNHCR Geneva ရုံးမှ Deputy High Commissioner Mrs. Tressa Rae Finerty၊ UNHCR Malaysia Representative Mrs. Louise Aubin၊ CBP ဌာနမှ အရာရှိ Dr. Susheela နှင့် UNHCR Thailand ရုံးမှ အရာရှိ Mrs. Karen တို့က ACR ရုံးကို လာရောက်လည်ပတ်ခဲ့ပြီး ဒုက္ခသည်အဖွဲ့အစည်းခေါင်းဆောင်အချို့နဲ့ တွေ့ဆုံကာ လက်ရှိဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ စိန်ခေါ်မှုတွေအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
လတ်တလော စိန်ခေါ်မှုများနဲ့ စိုးရိမ်ပူပန်မှုများကြား ယခုလို UNHCR အဆင့်မြင့်အရာရှိများကိုယ်တိုင် အောက်ခြေအထိ လာရောက်တွေ့ဆုံပြီး ဒုက္ခသည်တွေရဲ့ အသံနှင့် အခြေအနေများကို နားထောင်ပေးတာဟာ ဒုက္ခသည်အသိုင်းအဝိုင်းအတွက် အားတက်ဖွယ်ရာနှင့် စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့တယ်လို့လည်း ACR က ထုတ်ပြန်ပါတယ်။
ဒုက္ခသည်တွေ နဲ့ ခိုလှုံခွင့် တောင်းခံသူတွေကိုမှတ်ပုံတင်ပေးတဲ့ လုပ်ငန်းစဉ်တွေကို မလေးရှားအစိုးရ ဦးဆောင်တဲ့မှတ်ပုံတင်ရေးအစီအစဉ် ( Government – Led Registration Program me) အောက်မှာပြောင်းလဲဆောင်ရွက်သွားမယ်ဆိုတဲ့ မလေးရှားအစိုးရရဲ့ ဆုံးဖြတ်ချက်အတိုင်းလိုက်နာဆောင်ရွက်တဲ့အနေနဲ့ UNHCR – မလေးရှားရုံးက ဒုက္ခသည်ခိုလှုံခွင့် လျှောက်ထားသူတွေကို မှတ်ပုံတင်တာ စာရွက်စာတမ်းထုတ်ပေးတာတွေကိုနိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ရပ်ဆိုင်းလိုက်တာကြောင့် မလေးရှားက မြန်မာဒုက္ခသည်တွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၂၅၇၄၀ ဦး ရှိတဲ့ထဲ ၉၀ ရာခိုင်နှုန်းခန့်ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်းလည်း UNHCR ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

