Headlines

မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း ကူညီမယ့် ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်အမြန်အတည်ပြုပေးဖို့ BRI တိုက်တွန်း

နို၀င်ဘာလ ၁၈ ရက်။

အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီကနေ မြန်မာနိုင်ငံအတွက် ၂၀၂၇ ဘဏ္ဍာနှစ်စာ အမေရိကန်ဒေါ်လာ ၁၂၁ သန်းအောက် မနည်းတဲ့ အကူအညီတွေ ပေးမယ့် ဥပဒေကြမ်းကို နိုဝင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ထားကာ ဒီရန်ပုံငွေကို လွှတ်တော်ကနေ အမြန်ဆုံး အတည်ပြုပေးဖို့နဲ့ သမ္မတက လက်မှတ်ရေးထိုးပေးဖို့ Burma Research Institute (BRI) အဖွဲ့က တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒီရန်ပုံငွေတွေဟာ BRI ရဲ့ အကြံပြုချက်တွေနဲ့လည်း ကိုက်ညီပြီး ဘယ်နေရာမှာ ဘယ်လိုသုံးလဲဆိုတာကို ပွင့်လင်းမြင်သာမှု အပြည့်အဝရှိရှိ လုပ်ဆောင်ဖို့ကိုလည်း BRI က တိုက်တွန်းထားပါတယ်။

ဒီရန်ပုံငွေဟာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ သတ်မှတ်ထားတဲ့ ဘဏ္ဍာနှစ်အတွက် ဖြစ်ပါတယ်။ ဥပဒေကြမ်းရဲ့ ပုဒ်မ ၇၀၄၃(က)(၁) အရ ယခင်နှစ်တွေက လွှတ်တော်က ပေးအပ်ခဲ့တဲ့ ရန်ပုံငွေပမာဏအတိုင်း ဆက်လက်ထားရှိတာဖြစ်ပြီး ဥပဒေကြမ်း ပုဒ်မ ၇၀၄၃(က)(၂) အရ ဒီရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို ကဏ္ဍအလိုက်ခွဲ​ေ၀ထားပါတယ်။

ထိုင်းနဲ့ အိန္ဒိယအပါအဝင် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အစီအစဉ်တွေအတွက် ဒေါ်လာ ၇၅ သန်း၊ သေစေလောက်ခြင်းမရှိတဲ့ အထောက်အပံ့ (Non-lethal assistance) တွေအတွက် ဒေါ်လာ ၂၅ သန်း၊ ပြည်နယ်နဲ့ ဒေသန္တရအဆင့် အုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်စနစ် အစီအစဉ်တွေအတွက် ဒေါ်လာ ၁၀ သန်း၊ ရက်စက်ကြမ်းကြုတ်မှုတွေ တားဆီးရေးနဲ့ သက်သေအထောက်အထားတွေ ထိန်းသိမ်းတာအပါအဝင် တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် ဒေါ်လာ ၇ သန်း၊ လက်ရှိနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် ဒေါ်လာ ၁.၅ သန်း၊ ဘက်ပြောင်းခိုလှုံလာသူ (CDM/Deserter) တွေအတွက် ဒေါ်လာ ၁.၅ သန်း၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေးအတွက် ဒေါ်လာ ၁ သန်းတို့ဖြစ်ပါတယ်။

“အထူးသဖြင့် စစ်တပ်ထိန်းချုပ်မှုအောက်မှာမရှိတဲ့ ဒေသတွေက ဒေသန္တရအုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေနဲ့ သင်တန်းတွေ ထောက်ပံ့ပေးတာဟာ တကယ့်ကို ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာစေပါလိမ့်မယ်” လို့ BRI ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇိုတုန်မှုန်က ပြောပါတယ်။

ကော်မတီရဲ့ ရှင်းလင်းချက်အရ “သေစေလောက်ခြင်းမရှိတဲ့ အထောက်အပံ့” တွေထဲမှာ – ရက်စက်ကြမ်းကြုတ်မှုတွေ တားဆီးရေး၊ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကနေ အရပ်သားတွေကို ကာကွယ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး၊ စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးရေး၊ စစ်တပ်ထိန်းချုပ်မှုအောက်မှာမရှိတဲ့ ဒေသတွေက ဒေသန္တရအုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအပြင်၊ ဆေးဘက်ဆိုင်ရာ ကုသမှု၊ ဆေးပစ္စည်းတွေနဲ့ သင်တန်းတွေအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ သင်တန်းပေးမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *