
နိုဝင်ဘာလ ၁၇ ရက်။
ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့တပ်မတော် ( CPU / CPA) ကို ညီရင်းအစ်ကိုကောင်း စိတ်ဓာတ်ဖြင့် ဆက်လက်ကူညီပံ့ပိုးပြီး စစ်ကောင်စီ ထိုးစစ်တွေမှာလည်း ဟန်ချက်ညီပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော် ( ULA / AA) က CPU / CPA အဖွဲ့တည်ထောင်တဲ့ ၁ နှစ်ပြည့် အတွက် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
CPU / CPA အနေဖြင့် စစ်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်တို့မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိခဲ့တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်မှာ စစ်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်တို့ကို တက်နိုင်သလောက်အစွမ်းကုန်မြှင့်တင်ထားနိုင်မှ တော်လှန်ရေးထဲတွင် ရှင်သန်နိုင်ပြီး ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ အထမြောက်နိုင်စေရန် ဆက်လက်အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါကြောင့် ရရှိထားတဲ့ အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားရင်း CPU / CPA ရဲ့ စုဖွဲ့မှုအတွင်း စည်းကမ်းကောင်းပြီး အမိန့်နာခံမှုကောင်းတဲ့ တပ်မတော် စစ်အင်အား၊ စစ်လက်နက်ခဲယမ်း၊ တစ်သွေးတစ်သံတစ်မိန့်နဲ့ စည်းလုံးညီညွှတ်မှုတို့ကို အကောင်းဆုံး တည်ဆောက်ထားကြဖို့လည်း ULA / AA ဘက်က တိုက်တွန်းတဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့တပ်မတော် ( CPU / CPA) ကို ချင်းပြည်နယ်တောင်ပိုင်းက CDF – Mindat ၊ CDF – ကန်ပက်လက်၊ CDF – Daai ၊ CDF – Matupi ( MRO) တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့တည်ထောင်တာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ၁ နှစ်ပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်။
ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့တပ်မတော် ( CPU / CPA) ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ ၊ ကျင်ဒွေးမြို့တွေကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း အာရက္ခတပ်တော် (AA) အပါအဝင် မဟာမိတ်အင်းအားစုတွေက ပူးပေါင်းခုခံ တိုက်ခိုက်နေလျက်ရှိတယ်လို့လည်း သိရပါတယ်။

