

နိုဝင်ဘာလ ၁ ရက်။
ချင်းပြည်နယ် ၊ ဟားခါးမြို့ကနေ မနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မနက်က ဖလမ်းမြို့ကို သုံးဘီးယာဉ်နဲ့ နေရပ်ပြန်လာတဲ့ သားအမိ ၃ ဦးနဲ့ လိုက်ပါ ပို့ဆောင်ပေးတဲ့ ယာဉ်မောင်းတစ်ဦးတို့ကို ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ဟားခါး-ဖလမ်း လမ်းပေါ်က Rialti ကျေးရွာအနီးမှာ သေနတ်ဒဏ်ရာတွေဖြင့် သူတို့ရဲ့သေဆုံးရုပ်အလောင်းတွေကို တွေ့ရှိတယ်လို့ ဖလမ်းဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက “ သေဆုံးသူ အမျိုးသမီးရဲ့ ယောကျာ်းဖြစ်သူက ဟားခါးမှာ ၊ သားအမိ ၃ ဦး မနေ့မနက်ပိုင်းကနေ ဖလမ်း ပြန်ပြီး ညနေပိုင်းလောက်အထိ အဆက်အသွယ် မရလို့ လိုက်လံစုံစမ်းတဲ့အချိန်မှာ Rialti ကျေးရွာ အနီးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးတဲ့ ရုပ်အလောင်းကို တွေ့ရှိတာလို့ သိရတယ်။ ရုပ်အလောင်းတွေကိုလည်း ဖလမ်းမြို့ဘက် သယ်ဆောင်ပြီး ဆေးရုံမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်” လို့ပြောပါတယ်။
အခုသေဆုံးသူ အမျိုးသမီးက အသက် ၄၀ ဝန်းကျင် ရှိကာ သူ့သမီးကလေး ၂ ယောက်တော့ တစ်ယောက်က ၁၀ နှစ်ကျော်၊ နောက်တယောက်က ၁၀ နှစ်အောက် ဖြစ်မယ်လို့ ဒေသခံတွေကဆိုပါတယ်။
မည်သည့်အဖွဲ့အစည်းရဲ့ လက်ချက်ကြောင့် အခုလို သေဆုံးရတာကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ သေဆုံးသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ ဟားခါးမြို့က အစိုးရဝန်ထမ်း တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
ဟားခါး – ဖလမ်း လမ်းတလျောက် နေရာဟာ စစ်ကောင်စီတပ်ဖွဲ့က ဖလမ်းမြို့ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် စစ်ဆေးရေးဂိတ်တွေ နဲ့ ကင်းပုန်းများစွာ ချထားတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

