
အောက်တိုဘာလ ၉ ရက်။
ချင်းပြည်နယ်၊ ကျင်ဒွေး – လောင်းရှည် လမ်းပိုင်းမှာတည်ရှိတဲ့ ငွန်းစိုင်ကျေးရွာကို အောက်တိုဘာလ (၇) ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသား (၁) ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ (၇) ရက်နေ့က ညနေပိုင်း ၄ နာရီမှာ ဂျက်ဖိုက်တာနဲ့ တစ်ကြိမ် ၊ ၇ နာရီမှာ Y 12 တစ်ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ သိရတယ် ၊ အသေးစိတ်ကိုတော့ စီစစ်နေဆဲပါ” လို့ပြောပါတယ်။
ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ ထိုးစစ်မှာ အထိနာတပ်လန်ကျတဲ့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကူအင်အား ၄၀၀ ခန့်ကိုလည်း မကွေးတိုင်း၊ မင်းဘူးမြို့ကနေတဆင့် လောင်းရှည်မြို့ဘက်ကို ပို့ဆောင်တာတွေ လုပ်ခဲ့သလို ကျင်ဒွေးကိုဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း လေကြောင်းကနေ ပစ်ကူပေးတိုက်ခိုက်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ကျင်ဒွေးမြို့ပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ကုန်ပိုင်းလောက်ကစလို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေတာဖြစ်ပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ခုခံတွန်းလှန်စစ်တွေကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာတပ်လှန်ကျနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကျင်ဒွေးမြို့ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ၂ ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အမြောက်အများသေဆုံးခဲ့သလို စစ်သုံ့ပန်း ၂၀ ခန့်နဲ့ လက်နက်ခဲယမ်းတချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့ပြီး လက်ရှိမှာလည်း မဆာတွီရွာဘက်မှာ နှစ်ဘက်တိုက်ပွဲတွေ တောက်လျောက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။

