Headlines

မလေးရှားကနေ နေရပ်ပြန်ပို့ခံရတဲ့ ချင်းလူမျိုး လူဦးရေ ၁၇၃ ဦးထဲက တချို့ မိသားစုဝင်တွေဆီ ပြန်မရောက်နိုင်ကြသေး

အောက်တိုဘာလ ၇ ရက်။

မလေးရှားနိုင်ငံကနေ မြန်မာရေတပ်စစ်သင်္ဘောတွေနဲ့ နေရပ်ပြန်ပို့ခံရပြီး ရန်ကုန်ပြန်ရောက်လာတဲ့ ချင်းလူမျိုး လူဦးရေ ၁၇၃ ဦးထဲက တချို့ဟာ နေရပ်မပြန်နိုင်ကြသေးဘဲ သက်ဆိုင်ရာ ချင်းပရဟိတအသင်းတွေဆီ ကျန်နေသေးတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောပါတယ်။

မလေးရှားနိုင်ငံကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦး ထဲ ချင်းပြည်နယ်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းက ချင်းလူမျိုး ၁၇၃ ဦးခန့်တို့ဟာ မြန်မာရေတပ်စစ်သင်္ဘောတွေနဲ့ ရန်ကုန်မြို့ကို အာက်တိုဘာလ ၄ ရက်နေ့ မနက်(၇) နာရီဝန်းကျင်လောက်မှာ သန်လျင်မြို့နယ်ရှိ အမှတ် (၃) ဆိပ်ခံတံတား (သီလဝါ)ကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်ရှိ ချင်းပရဟိတ လူငယ်တစ်ဦးက “တချို့ချင်းတွေကတော့ ဆွေမျိုးသားချင်းတွေကလာစောင့်ပြီးတော့ ခေါ်ထုတ်သွားတယ်၊ ကျန်းမာရေးဆေးစစ်တာတို့ လဝက စမတ်ကဒ်ရိုက်ပေးတာတို့ မှတ်ပုံတင်လုပ်ပေးတာတို့ပြီးသွားရင် ရဲက အရင်ကဘာလုပ်ခဲ့ ဘာညာနဲနဲမေးတယ်တဲ့ ပြီးတော့ လာစောင့်တဲ့ အမျိုးတွေတော့ ပြန်ထည့်ပေးတယ် ချက်ချင်းလာမခေါ်နိုင်တဲ့သူတွေကြတော့ သက်ဆိုင်ရာ လူမျိုးနွယ်အလိုက်က ပရိဟိတချင်းအဖွဲ့အစည်းတွေက ခေါ်သွားပြီးတော့ အဲကနေ ဆွေမျျိးသားချင်းတွေဆီ အသိပေးပြီး အဲလိုလုပ်ပေးတယ် တော်တော်များများတော့ ပြန်ပြီးကြပြီလို့ သိရပါတယ်။ အနည်းစုလောက်ဘဲ ကျန်မှာ ဘယ်မြို့နယ်က ဘယ်နှဦးလောက်ကျန်သေးလဲ အဲလိုမျိုးတော့ လိုက်ပြီး ဆက်သွယ်ပြီး ကျနော်တို့လည်း အတက်နိုင်ဆုံးလိုက်ပြီး လေ့လာနေတုန်းပါ တချို့က ရန်ကုန်မဟုတ်ဘဲ တခြား မြို့တွေမှာနေတော့ ချက်ခြင်းလာမခေါ်နိုင်သေးတဲ့ အခြေနေမျိုးထင်တယ်” လို့ပြောပါတယ်။

နေရပ်ပြန်ပို့ခံရသူတွေထဲ မကွေးတိုင်း၊ စကိုင်းတိုင်းမှာ နေထိုင်ကြတဲ့ ချင်းလူမျိုးတွေ အများစုပါဝင်သလို ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ ၊ ဟားခါး၊ တီးတိန် စတဲ့ ဒေသက ချင်းလူမျိုးတွေလည်း ပါဝင်တယ်လို့ ရန်ကုန်ရှိ ချင်းပရဟိတ လူငယ်တစ်ဦးက ပြောပါတယ်။

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ နှစ်ရှည်လများ ထိန်းသိမ်းခံထားရတဲ့ သူတွေထဲ ပထမသုတ်အနေဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ချင်းလူမျိုးအပါအဝင် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို စစ်ကောင်စီ စေလွှတ်လိုက်တဲ့ စစ်သဘောၤသုံးစီးနဲ့ ပြည်နှင်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

မလေးရှားအစိုးရအနေဖြင့် အခုလို ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေကို ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံကို နေရပ်ပြန်လည်ပို့ဆောင်နေတာတွေကို ချက်ချင်းရပ်တန့်ပေးဖို့ကိုလည်း ကုလသမ္မဂ ဘက်က မလေးရှားအစိုးရကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *