
အောက်တိုဘာလ ၇ ရက်။
အိန္ဒိယအမျိုးသမီး ဟော်ကီလက်ရွေးစင်အသင်းမှာ ပါဝင်ပြီး နိုင်ငံအတွက် ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့ကြတဲ့ မီဇိုတိုင်းရင်းသူ အားကစားသမားနှစ်ဦးဖြစ်တဲ့ Lalremsiami နဲ့ Lalthantluangi တို့ကို မီဇိုရမ်ပြည်နယ်အစိုးရက တစ်ဦးကို ရူပီး ၂၅ သိန်းစီ ဂုဏ်ပြုဆုကြေး ချီးမြှင့်မှာဖြစ်ပါတယ်။
အဆိုပါ ချီးမြှင့်မှုဟာ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ အိန္ဒိယအသင်း ဗိုလ်စွဲနိုင်ရေးအတွက် အဓိကစွမ်းဆောင်ပေးခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်ကို အသိအ မှတ်ပြုတဲ့အနေနဲ့ အောက်တိုဘာ ၃ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်သူ အဆိုပါ တိုင်းရင်းသူနှစ်ဦးဟာ နောက်ဆုံးဗိုလ်လုပွဲမှာ အင်အားကြီး တရုတ်အသင်းကို အနိုင်ယူပြီး သမိုင်းဝင် အောင်ပွဲအရယူပေးခဲ့တဲ့ အိန္ဒိယ လက်ရွေးစင်အသင်းကြီးမှာ အဓိက ကစားသမားတွေအဖြစ် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က အိန္ဒိယအသင်းတစ်ဖွဲ့လုံးကို ဂုဏ်ပြုစကားပြောကြားခဲ့သလို၊ အခုလို နိုင်ငံတော်အဆင့် အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ မီဇိုတိုင်းရင်းသူနှစ်ဦးရဲ့ ကြိုးပမ်းမှုကို အထူးချီးကျူးခဲ့ပါတယ်။
၀◌န်ကြီးချုပ်က ဒီလို ဂုဏ်ပြုဆုကြေး ချီးမြှင့်လိုက်တာဟာ ပြည်နယ်တွင်း အားကစားပါရမီရှင်တွေအပေါ် ဂုဏ်ယူဝင့်ကြွားမှုကို ပြသလိုက်တာဖြစ်သလို၊ နိုင်ငံတကာစင်မြင့်ထက်မှာ တိုင်းပြည်အတွက် ဂုဏ်ဆောင်ပေးနိုင်မယ့် မီဇိုအားကစားသမားတွေကို ဆက်လက် ပံ့ပိုးကူညီသွားမယ်ဆိုတဲ့ မီဇိုရမ်အစိုးရရဲ့ သန္နိဋ္ဌာန်ကိုလည်း ပေါ်လွင်စေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

