
စက်တင်ဘာလ ၁၈ ရက်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ၊ Lamzang ရွာ နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ Rev. Dal Thawn Tuang ဟာ လမ်းမှာ PDF – Zoland ထိန်းသိမ်းရေးစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီစစ်သုံ့ပန်းတွေရဲ့ ပစ်ခတ်သတ်ဖြတ်တာခံရလို့ သေဆုံးသွားရခြင်းဖြစ်တယ်လို့ PDF – Zolandအဖွဲ့ က စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က PDF – Zoland ထိန်းသိမ်းရေးစခန်းကနေ လွတ်မြောက်သွားတဲ့ စစ်ကောင်စီ စစ်သုံ့ပန်း ၈၀ ခန့်ဟာ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကပ်တဲလ်ကျေးရွာ အနီး ခရီးသွားလာနေတဲ့ Lamzang နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ Rev. Dal Thawn Tuang ကို တွေ့ဆုံပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ Rev. Dal Thawn Tuang ရဲ့ ရုပ်အလောင်ကိုလည်း PDF – Zoland က သွားရောက်ယူကာ ၎င်း ရဲ့ ဇာတိ ကျေးရွာသို့ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ စစ်သုံ့ပန်းတွေမှာ လက်နက်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တာကြောင့် တီးတိန် – ကပ်တဲလ် – လိုင်သွီး – မဏိပူရ်မြစ်ဝန်းကျင်က ဒေသခံပြည်သူတွေအနေနဲ့ ခရီးသွားလာခြင်း မလုပ်ကြဖို့ကိုလည်း PDF – Zoland က အသိပေးထုတ်ပြန်ထားပါတယ်။

