
စက်တင်ဘာလ ၅ ရက်။
ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း ငါးမျိုးစိတ်တွေ သားပေါက်တဲ့ကာလမှာ ငါးသယံဇာတ ထိန်းသိမ်းနိုင်ရေးအတွက် ငါးဖမ်းတာကို စက်တင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ အထိ ပိတ်ပင်ကြောင်းလောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အဆိုပါပိတ်ပင်ကာလကို မြစ်၊ ချောင်းနဲ့ နယ်မြေအလိုက် ခွဲခြားသတ်မှတ်ထားပြီး သက်ဆိုင်ရာဒေသမှာ သတ်မှတ်ထားတဲ့ ငါးရစ်တက်ကာလအတွင်း မည်သူမဆို ငါးဖမ်းခြင်း မပြုလုပ်ဖို့ တားမြစ်ထားကာ၊ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး ငါးရစ်တက်ချိန်က နှစ်စဉ် အနည်းငယ်ကွာခြားနိုင်တာကြောင့် သတ်မှတ်ထားတဲ့ ရက်မတိုင်ခင် ဒါမှမဟုတ် သတ်မှတ်ကာလကုန်ဆုံးပြီးနောက်မှာ ငါးရစ်တက်နေပါကလည်း သားပေါက်ငါးတွေကို ဖမ်းဆီးတာ မပြုလုပ်ဖို့ လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သတိပေးထားပါတယ်။
ဒါ့အပြင် ငါးဖမ်းရာမှာ အဆိပ်အသုံးပြုတာ၊ ရေစီးကြောင်းကို လွှဲပြောင်းတာ ဒါမှမဟုတ် ရေကို ပိတ်ပြီး ရေထုတ်ကာ ငါးဖမ်းတာတွေကို တားမြစ်ထားပါတယ်။
ဒိုင်နမို၊ ဖောက်ခွဲရေးပစ္စည်းနဲ့ အခြားခဲယမ်းပစ္စည်းတွေ အသုံးပြုပြီး ငါးဖမ်းတာကိုလည်း ခွင့်မပြုဘဲ ငါးမျိုးပြုန်းတီးစေနိုင်တဲ့ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေ၊ သက်ဆိုင်ရာ နယ်မြေတာဝန်ရှိအဖွဲ့တွေက တားမြစ်ထားတဲ့ ငါးဖမ်းကိရိယာတွေ အသုံးပြုတာကိုပါ လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပိတ်ပင်ထားပါတယ်။
ငါးဖမ်းဒိုင်နမိုနဲ့ ဆက်စပ်ပစ္စည်းတွေဟာ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် လောက်တူဒေသအတွင်း အသုံးပြုမှုမရှိစေရေးအတွက် အရင်ကတည်းက သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့ကြောင်း၊လက်ရှိအချိန်အထိ ဒိုင်နမိုနဲ့ ဆက်စပ်ပစ္စည်းတွေကို လက်ဝယ်မှာ မသိမသာ သိမ်းဆည်းထားသူတွေ၊ ဒါမှမဟုတ် တားမြစ်ချက်ကို မသိရှိဘဲ ထပ်မံဝယ်ယူထားသူတွေရှိရင် သက်ဆိုင်ရာ ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အမြန်ဆုံး လာရောက်အပ်နှံဖို့လည်း တိုက်တွန်းထားပါတယ်။
အမိန့်ပါ တားမြစ်ချက်တွေကို ဖောက်ဖျက်သူတွေကိုတော့ တစ်ဦးချင်းအလိုက် အနည်းဆုံး ကျပ် ၁ သိန်းကနေ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ချမှတ်နိုင်ပြီး တည်ဆဲဥပဒေတွေအရ အခြားပြစ်ဒဏ်တွေကိုလည်း ချမှတ်နိုင်တယ်လို့ လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

